News

POST TYPE

LATEST NEWS POST

မြစိမ်းရောင် ရန်ပုံငွေ သိန်း ၃၀၀ ကျော် ကိုယ်ကျိုးသုံးသည်ဟုဆိုကာ ဥက္ကဋ္ဌကို အမှုဖွင့်
14-Jan-2018 tagged as ကျိုင်းတုံ

ကျိုင်းတုံ၊ ဇန်နဝါရီ ၁၃ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ဟွေပါကူးကျေးရွာ မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက ရန်ပုံငွေ သိန်း ၃၀၀ ကျော်ကို ကိုယ်ကျိုး သုံးသည်ဟုဆိုကာ ဇန်နဝါရီလ ၁၁ ရက်က အမှုဖွင့်ထားကြောင်း ယင်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှူး ဦးကြည်စောက ပြောကြားသည်။ 

“အရင်းမပျောက် ရန်ပုံငွေ သိန်း ၃၀၀ ကို ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်က ထုတ်ပေးထားတာပါ၊ ကျေးရွာသားတွေက ချေးထားတဲ့ငွေတွေ ပြန်ဆပ်ထားပေမယ့် ဥက္ကဋ္ဌက အလွဲသုံးစားလုပ်ထားတဲ့အတွက် အမှုဖွင့်လိုက်တာပါ၊ ဒီဖြစ်စဉ်မျိုး မိုင်းပျဉ်းမြို့နယ်မှာ ဖြစ်ဖူးပေမယ့် ပြန်ဆပ်လို့ ရထားတယ်”ဟု ၎င်းကဆိုသည်။

မိုင်းဖြတ်မြို့နယ် ဟွေပါကူး ကျေးရွာ မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအာလိယာသည် ကျေးရွာသား များပေးဆပ်ထားသည့် ချေးငွေများကို ကျေးလက်ဌာနသို့ ပေးသွင်းခြင်းမရှိ၍ ဒေသခံများအပါအဝင် တာဝန်ရှိသူများနှင့် နိုဝင်ဘာလအတွင်းက ညှိနှိုင်းတွေ့ဆုံပြီး ဒီဇင်ဘာလကုန်၌ အကျေပေးသွင်းရန် သဘောတူထားသော်လည်း ပေးသွင်းခြင်းမရှိကြောင်း အဆိုပါရန်ပုံငွေ ကြီးကြပ်မှုကော်မတီထံမှ သိရသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဦးအာလိယာ (၄၆နှစ်) ကို (ပ) ၂/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၄၀၆ ဖြင့် အရေးယူထားပြီး ဖမ်းဆီးရမိရန် စုံစမ်းနေကြောင်း မိုင်းဖြတ်မြို့မ ရဲစခန်းထံမှ သိရသည်။

R-16