News

POST TYPE

LATEST NEWS POST

၆၆ (ဃ) ဖြင့် စွဲဆိုထားမှုကို ပိတ်သိမ်းပေးရန် ပန်ဆယ်လို ထွက်ဆိုချက်ပေး
13-Jan-2018


ရန်ကုန်၊ ဇန်နဝါရီ ၁၃ 

လူမှုကွန်ရက်တွင် လူသိများသော အကောင့်ပိုင်ရှင်တစ်ဦးဖြစ်သည့် ပန်ဆယ်လိုအပေါ် ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားမှုကို ပိတ်သိမ်းပေးရန် ပန်ဆယ်လိုက သူ့၏ ကိုယ်တိုင်ထွက်ဆိုချက်တွင် ထည့်သွင်းဖော်ပြသည်။

ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ)ဖြင့် အမှုဖွင့်ခံထားရသော ဒေါ်အိမ့်ပိုးဥ (ခ) ပန်ဆယ်လိုသည် ဇန်နဝါရီလ ၁၃ ရက် နံနက် ၁၀ နာရီက တာမွေရဲစခန်းသို့ ရောက်ရှိလာပြီး ကိုယ်တိုင် ထွက်ဆိုချက် (own statement) ပေးခဲ့ရာတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

လှိုင်သာယာမြို့နယ်၊ အမှတ်(၂၂) ရပ်ကွက်၊ ရွှေလင်ပန်းစက်မှုဇုန်၊ မြမဉ္ဇူလမ်းတွင်နေထိုင်သူ ဦးမောင်မောင်တာ၏ တိုင်ကြားချက်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရပ်ကွက်၊ လမင်းသာ-၂ စားသောက်ဆိုင်တွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော သံဃာတော်တစ်ပါးက ဆေးသောက်ရန်အတွက် ရေနွေး ဝင်ရောက်တောင်းသည်ကို ဆိုင်ပိုင်ရှင်နှင့် အပေါင်းပါတို့ နှိပ်စက်ညှဉ်းပန်း ဓားပြတိုက်မှု၌ ဗုဒ္ဓဘာသာကို ပျက်စီးစေလိုသော၊ ဖျက်ဆီးလိုသောသဘော သက်ရောက်သည့် ရေးသားချက်များကို ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင်ဖော်ပြခဲ့ရာ နိုင်ငံတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များ စိတ်နှလုံးညှိုးနွမ်းစေရန် ဆောင်ရွက်ခဲ့ခြင်း၊ ဆရာတော် ဦးဝီရသူကို ကြိမ်ဖန်များစွာ စော်ကားပုတ်ခတ်ရေးသားခဲ့ခြင်းများနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို နိုင်ငံတကာက အကြည်အညို ပျက်စေလောက်သည်အထိ ရေးသား စော်ကားခြင်းများ ရှိခဲ့ပါသည်ဟုဆိုကာ တာမွေမြို့မ ရဲစခန်းတွင် ဒီဇင်ဘာလ ၁၁ ရက်နေ့က တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“တရားလို ဦးမောင်မောင်တာရဲ့ တိုင်ကြားချက်မှာ ဆရာတော်ဦးဣန္ဒက အပေါ် ဘယ်လိုနစ်နာအောင် ရေးသားတယ်ဆိုတဲ့ အချက်အလက်တွေလည်း မပါဘူး၊ ပန်ဆယ်လိုရဲ့ ရေးသားချက်တွေက နိုင်ငံတစ်ဝန်းက ဗုဒ္ဓဘာသာဝင်တွေအပေါ် စိတ်နှလုံး ညှိုးနွမ်းစေတယ်ဆိုတဲ့အချက်သာ ပါတယ်။ အဲဒါကြောင့် ဒီတိုင်စာသည် ဥပဒေအရ ဆက်လက်ပြီး ဖြေရှင်းဆောင်ရွက်ရန် အကြောင်းမရှိတဲ့အတွက် ပိတ်သိမ်းပေးဖို့ စာတင်ထားခဲ့တယ်”ဟု ပန်ဆယ်လို၏ ဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က ပြောကြားသည်။

ယင်းတိုင်ကြားချက်များတွင် ဆရာတော်ဦးဣန္ဒက၏ ကိုယ်စားလှယ်လွဲစာသာပါရှိပြီး ဦးဝီရသူ၏ ကိုယ်စားလှယ်လွှဲစာနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကိုယ်စားလှယ်လွှဲစာ ပါဝင်မှုမရှိကြောင်း၊ ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ချက်တွင် တိုင်ကြားသူသည် ကိုယ်တိုင်နစ်နာသူ မဟုတ်ပါက နစ်နာသူ၏ တရားဝင်ကိုယ်စားလှယ်လွှဲစာ တင်ပြရန် ဥပဒေပုဒ်မ ၅ ဖြင့် ပြဋ္ဌာန်းထားသည့်အတွက် ဖြေရှင်းရန် တာဝန်မရှိကြောင်း တရားဝင်စာဖြင့် တင်ပြခဲ့ကြောင်း ဆရာဦးခင်မောင်မြင့်က ဆက်လက်ရှင်းပြသည်။

J-16