News

POST TYPE

LATEST NEWS POST

ဧရာဝတီနှင့် ပဲခူးတိုင်း ပင်လုံအကြို ဆွေးနွေးပွဲများ အစိုးရက တားမြစ်
13-Jan-2018


တောင်ငူ၊ ဇန်နဝါရီ ၁၃

ပဲခူးမြို့ပေါ် ၌ ကျင်းပသည့် ၂၁ ရာစု ပင်လုံအကြို ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ဧရာဝတီတိုင်း ပုသိမ်မြို့၌ ကျင်းပသည့် ဆွေးနွေးပွဲများကို သက်ဆိုင်ရာအစိုးရအဖွဲ့များက တားမြစ်ခဲ့ကြောင်း ယင်းဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သူများထံမှ သိရသည်။

ပဲခူးမြို့နယ် ဥဿာမြို့သစ် မရီနာ ၂ ဟိုတယ်တွင် ဇန်နဝါရီလ ၁၂ ရက်မှ စတင်ကာ ၂ ရက်ကြာ ကျင်းပသည့် ၂၁ ရာစုပင်လုံ အကြို တိုင်းဒေသကြီးအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တားမြစ်ခဲ့၍ နောက်ဆုံးရက်၌ တည်းခိုသည့်အခန်းများတွင် ဆွေးနွေးခဲ့ရကြောင်း ဆွေးနွေးပွဲ တက်ရောက်သူများထံမှ သိရသည်။

ပထမရက်တွင် ပဲခူးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ခွင့်ပြုချက် တောင်းခံမှု မတင်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးက လာရောက် တားမြစ်ခဲ့သော်လည်း ဆွေးနွေးပွဲကို ခန်းမဆောင်တွင် ဆက်လက် ကျင်းပခဲ့ကြောင်း၊ ဒုတိယမြောက်ရက် မနက်ပိုင်းတွင် ဟိုတယ်ဝန်ထမ်းများက ခုံများလာသိမ်းသဖြင့် တည်းခိုရာ အခန်းများတွင် အုပ်စုလိုက် ဆွေးနွေးခဲ့ရကြောင်း ဆွေးနွေးပွဲ တက်ရောက်သည့် ဒိုက်ဦးမြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးစောလင်းက ပြောသည်။

ဆွေးနွေးပွဲ ပထမနေ့တွင် လာရောက်တားမြစ်သည့်အတွက် တိုင်းအစိုးရအဖွဲ့ထံ အသိပေး အကြောင်းကြားစာ ပေးပို့ခဲ့ရာ ကျင်းပသည့်ရက်နှင့် အသိပေးစာပေးပို့သည့်ရက် နီးကပ်သဖြင့် ကျင်းပခွင့်မပေးခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်နေသူများထံမှ သိရသည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)က ဦးဆောင်ကာ ဆွေးနွေးပွဲ ကျင်းပပြီး ပဲခူးတိုင်း အရှေ့ခြမ်းနှင့် အနောက်ခြမ်းရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် အရပ်ဘက် အဖွဲ့အစည်းအချို့က တက်ရောက်သူ ၅၀ ကျော်ရှိကြောင်း ပဲခူး အနောက်ခြမ်း ကိုယ်စားလှယ်တစ်ဦးဖြစ်သော ဦးဇေယျာက ပြောသည်။

တိုင်းဒေသကြီးအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပရန် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၏ ခွင့်ပြုချက်နှင့် ကြိုတင်လာရောက်ကာ အသိပေး အကြောင်းကြား ခြင်းမရှိသဖြင့် တားမြစ်ခြင်းသာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေက ပြောကြားသည်။

ဆွေးနွေးပွဲ ကျင်းပသည့် အဖွဲ့အစည်းများက အုပ်ချုပ်ရေးဌာနကို အသိပေး အကြောင်းကြားစာ ပေးပို့ထားခြင်း မရှိသည့်အတွက် မြို့နယ်က တားမြစ်ခိုင်းသည်ကို သွားရောက် အသိပေးခဲ့ခြင်းဖြစ်ကြောင်း ဥဿာမြို့သစ် ရပ်ကွက်ကြီး (၂) အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အမှတ် ၃ ရပ်ကွက်ရှိ SWEEN HOTEL တွင် ဇန်နဝါရီလ ၁၃ ရက်မှ ၂ ရက်ကြာ ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာခံ လူထုအကြို ဆွေးနွေးပွဲကို သက်ဆိုင်ရာက မေတ္တာရပ်ခံ တားမြစ်ခဲ့သဖြင့် ဆွေးနွေးပွဲကို ရပ်ဆိုင်းခဲ့ရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)က ကျင်းပပြုလုပ်မည့် ဆွေးနွေးပွဲအစီအစဉ်ကို တိုင်းအစိုးရထံ တင်ပြခဲ့ရာ ခွင့်ပြုခဲ့ကြောင်း၊ သို့သော် ဇန်နဝါရီလ ၁၂ ရက် ညနေပိုင်းက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ၎င်းတို့ထံ ခွင့်ပြုချက် တင်ပြခြင်းမရှိသောကြောင့် မေတ္တာရပ်ခံ တားမြစ်လာ၍ ဆွေးနွေးပွဲ အစီအစဉ်ကို ရပ်ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းဖော်ဆောင်ရေးအဖွဲ့ ပုသိမ်တာဝန်ခံ ဦးစိုးလှိုင်ဦးက ပြောသည်။

“နားလည်မှု လွဲမှားတဲ့ အကြောင်းအရာတွေ ဖြစ်ပါလိမ့်မယ်၊ မေတ္တာရပ်ခံ တားမြစ်တာကြောင့် ကျွန်တော်တို့ ဂုဏ်သိက္ခာရှိရှိ ရပ်ဆိုင်းလိုက်ပါတယ်။ နောက်ပိုင်းတော့ လုပ်ဖြစ်အောင် ကြိုးစားသွားမှာပါ၊ ဌာနဆိုင်ရာတွေပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး လေ့လာသိရှိထားဖို့ လိုအပ်နေပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အနာဂတ် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် လိုအပ်သည် အခြေခံ မူ ၁၀ ချက်ကို တင်ပြပြီး တက်ရောက်လာသူများက ဆွေးနွေးကြသည့် မူဝါဒ အဆိုပြုချက်များနှင့် အကြံပြုချက်များကို စာတမ်းပြုစုကာ ၂၁ ရာစု ပင်လုံ ညီလာခံ တတိယအကြိမ် အစည်းအဝေးတွင် တင်ပြရန်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ မလုပ်ရန် မေတ္တာရပ်ခံ တားမြစ်ခြင်းအတွက် ယာယီ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ သေချာ ပြန်လည် ညှိနှိုင်းဆွေးနွေးပြီးပါက ထပ်မံ လုပ်ဆောင်မည်ဖြစ်ကြောင်း ABSDF မှ အထွေထွေ အတွင်းရေးမှူး ရဲဘော် ဆန်နီက ပြောကြားသည်။ 

“မုံရွာနဲ့ ပဲခူးပွဲမှာလည်း တားမြစ် ခံရပါတယ်၊ ကျွန်တော်တို့တစ်ဖွဲ့တည်း ဒီလိုကိစ္စမျိုး ကြုံနေတာ မဟုတ်ပါဘူး၊ ကျန်အင်အားစုများလည်း တွေ့ကြုံနေရပါတယ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ လူထုပါဝင်မှု လိုအပ်နေပါတယ်”ဟု ၎င်းက ဆိုသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၏ ခွင့်ပြုချက်နှင့်အတူ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ တရားဝင် အသိပေး အကြောင်းကြားကာ ခွင့်ပြုချက် ရယူထားခြင်း မရှိသောကြောင့် မေတ္တာရပ်ခံ တားမြစ်ရခြင်းဖြစ်ကြောင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက တာဝန်ရှိသူက ပြောဆိုသည်။

ယင်းနွေးဆွေးပွဲသို့ တက်ရောက်ရန် ဧရာဝတီတိုင်းရှိ အရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ မသန်စွမ်း အဖွဲ့အစည်းများ၊ လူငယ် အဖွဲ့အစည်းများ တက္ကသိုလ်ကျောင်းသားများ ဖိတ်ကြားခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲများကို ပဲခူး၊ ရန်ကုန်၊ ကျောက်ဆည်၊ မုံရွာ၊ ထားဝယ်၊ မကွေးမြို့တို့တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ထံမှ သိရသည်။

R-12, R-15