News

POST TYPE

LATEST NEWS POST

ထောက်ကြန့်စစ်သင်္ချိုင်း အဆောက်အအုံ အမိုးများ ရှေးမူမပျက်ပြင်ဆင်
13-Jan-2018 tagged as ရန်ကုန်

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ဓနသဟာယ စစ်သင်္ချိုင်းများကော်မရှင် (Commonwealth War Graves Commission)က ထိန်းသိမ်းစောင့်ရှောက်ထားသည့် ထောက်ကြန့်စစ်သင်္ချိုင်းရှိ အဆောက်အအုံ အမိုးများကို နိုင်ငံတကာ ပညာရှင်များနှင့် ရှေးမူလက်ရာမပျက် ပြင်ဆင်လျက်ရှိပြီး ဇန်နဝါရီလကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း အဆိုပါကော်မရှင်၏ မြန်မာနိုင်ငံတာဝန်ခံ ဦးသက်မွန်က ပြောကြားသည်။

စစ်သင်္ချိုင်းဧရိယာရှိ အဆောက်အအုံများသည် ၁၉၅၁ ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်းကြောင့် အမိုးရေယိုခြင်းများ ဖြစ်ပေါ်လာသဖြင့် ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအထိ ပြင်ဆင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အဆောက်အအုံတွေက အမိုးတွေ ပြန်ခွာပြီးတော့ ရှေးဟောင်းလက်ရာ မပျက်အောင် အကြီးစားပြင်တာပါ။ အင်္ဂလန်နဲ့ ဟောင်ကောင်က ပညာရှင်တွေ ခေါ်လုပ်တာပါ”ဟု ၎င်းကဆိုသည်။

ပြင်ဆင်မှု ကုန်ကျစရိတ်ကို ကော်မရှင်အောက်ရှိ အာရှ - ပစိဖိတ်အဖွဲ့ဝင် ၃၉ နိုင်ငံထံမှ နိုင်ငံအလိုက် ရရှိသည့် ဘတ်ဂျက် ခွဲတမ်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ထောက်ကြန့် စစ်သင်္ချိုင်းအတွက် စတာလင်ပေါင် သုံးသောင်းခန့် အသုံးပြုပြင်ဆင်လျက်ရှိကြောင်း၊ နောက်ပိုင်းတွင် အဆောက်အအုံများကို ဆက်လက် ပြင်ဆင်မည်ဖြစ်ကြောင်း အဆိုပါကော်မရှင်ထံမှ သိရသည်။

အဆိုပါ ကော်မရှင်သည် အင်္ဂလန်နိုင်ငံတွင် အခြေစိုက်ရုံးဖွင့်လှစ်ထားပြီး ရန်ကုန်မြို့ရှိ ထောက်ကြန့် စစ်သင်္ချိုင်း၊ ပြည်လမ်း ဟံသာဝတီအဝိုင်းအနီးရှိ The Rangoon War Cemetery စစ်သင်္ချိုင်းနှင့် မွန်ပြည်နယ် သံဖြူဇရပ် စစ်သင်္ချိုင်း အပါအဝင် နိုင်ငံပေါင်း ၁၅၃ ခုရှိ သင်္ချိုင်းပေါင်း နှစ်သောင်းခွဲခန့်ကို ထိန်းသိမ်းစောင့်ရှောက်နေသောအဖွဲ့အစည်း ဖြစ်သည်။

အဆိုပါ ပြင်ဆင်ကာလ၌ ထောက်ကြန့်စစ်သင်္ချိုင်း ဧရိယာအတွင်းသို့ ဝင်ရောက်လည်ပတ်ခွင့် ပြုသော်လည်း အဆောက်အအုံထဲသို့ မလာရောက်ရန် ကန့်သတ်ထားကြောင်း ကော်မရှင်ထံမှ သိရသည်။ 

“ထောက်ကြန့်စစ်သင်္ချိုင်းက စစ်အတွင်း ကျဆုံးခဲ့တဲ့ အင်္ဂလိပ်စစ်သားတွေ မြှုပ်နှံထိန်းသိမ်းတဲ့ တကယ့်အမှတ်တရ နေရာတစ်ခုပေါ့။ ကျဆုံးစစ်သားတွေရဲ့ မိသားစုဝင် မျိုးဆက်တွေက လာဂါရဝပြုကြတယ်။ သူတို့လူမျိုးတွေအတွက်တော့ သမိုင်းမှာ ဂုဏ်ယူစရာနယ်မြေပေါ့”ဟု သမိုင်းသုတေသီ စာရေးဆရာတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

ထောက်ကြန့် စစ်သင်္ချိုင်းကို ၁၉၅၁ ခုနှစ်တွင် စတင် ဖွင့်ခဲ့ခြင်းဖြစ်ပြီး မြေဧရိယာ ၁၆ ဧက ကျယ်ဝန်းကာ ဗြိတိသျှစစ်တပ်တွင် တာဝန် ထမ်းဆောင်ခဲ့သော နိုင်ငံအသီးသီးရှိ စစ်သားများနှင့်အင်္ဂလိပ်စစ်သားများကို ဂုဏ်ပြုဖော်ဆောင်ထားခြင်း ဖြစ်ပြီး အုတ်ဂူပေါင်း ၆၄၇၂ ခုရှိပြီး အဆောက်အအုံများအတွင်းရှိ ကော်လံတိုင်များတွင်မူ ဂုဏ်ပြုကမ္ပည်း ရေးထိုးခံရသူ ၂၇,ဝ၀ဝ ခန့်ရှိကြောင်း ဓနသဟာယ စစ်သင်္ချိုင်းများ ကော်မရှင်ထံမှ သိရသည်။

J-17