News

POST TYPE

LATEST NEWS POST

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မောင်တောဒေသသို့ လာရောက်
13-Jan-2018


စစ်တွေ၊ ဇန်နဝါရီ ၁၃ 

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာတာရော့ခိုနို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက မောင်တောမြို့နယ်ရှိ ဘင်္ဂါလီများနေထိုင်ရာ ပန်းတောပြင်ကျေးရွာနှင့် တောင်ပြိုလက်ဝဲမြို့သို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့သည်။ 

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့က စစ်တွေမြို့သို့ ရောက်ရှိလာပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း(UEHRD)၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တပ်မတော် ရဟတ်ယာဉ်ဖြင့် မောင်တောဒေသသို့ သွားရောက်ကာ ဘင်္ဂါလီများ ပြန်လည်လက်ခံရေး စခန်းတည်ဆောက်မှု အခြေအနေများကို ကြည့်ရှုခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ကိုယ်စားလှယ်အဖွဲ့က တောင်ပြို လက်ဝဲမြို့၌ နယ်စပ်ခြံစည်းရိုး ဆောက်လုပ်နေမှုကို ကြည့်ရှုခဲ့ပြီး ပန်းတောပြင်ကျေးရွာတွင် ဒေသခံများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း မောင်တောခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးကဆိုသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့က စစ်တွေမြို့သို့ မွန်းလွဲ ၁ နာရီတွင် ပြန်ရောက်ခဲ့ပြီး ရန်ကုန်မြို့သို့ ထွက်ခွာသွားသည်။ 

ဂျပန်အစိုးရအနေနှင့် ဒုက္ခသည်များ ပြန်လာနိုင်ရေး၊ ပြန်လည် နေရာချထားနိုင်ရေးတို့တွင် ကူညီထောက်ပံ့မှုအနေနှင့် မြန်မာအစိုးရကို ဒုက္ခသည်များ နေထိုင်ဖို့ လိုအပ်သည့် ဒေါ်လာသုံးသန်း တန်ဖိုးရှိသည့် ပစ္စည်းများကို ပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းအပြင် နိုင်ငံတကာ အဖွဲ့အစည်းများမှတစ်ဆင့် အသက်မွေးဝမ်း ကျောင်းပညာပေးရေး အပါအဝင် ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိ ကူညီထောက်ပံ့မှုကို ဆောင်ရွက်ရန် စီစဉ်နေကြောင်း ဇန်နဝါရီလ ၁၂ ရက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရော့ခိုနိုက ပြောကြားခဲ့သည်။ 

ခိုင်မင်းညို