News

POST TYPE

LATEST NEWS POST

ဂုဏ်သိက္ခာရှိသည့် စာမေးပွဲတစ်ခု ဖြစ်ပါစေ
12-Jan-2018 tagged as ပညာရေး

၂၀၁၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လအတွင်း စတင်ကျင်းပတော့မည်ဖြစ်သည်။ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူပေါင်း ရှစ်သိန်းလေးသောင်းကျော် စာရင်းပေးသွင်းထားကာ ယခုနှစ်တွင် စာစစ်ဌာန ၁၄၀ တိုးချဲ့ဖွင့်လှစ်ထားကြောင်း သိရသည်။

မကြာသေးမီကပင် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ အမှာစကားပြောခဲ့သည်။ ဝန်ကြီးက “စာမေးပွဲလုပ်ငန်းတွေသည် သိလို့မှားမှား၊ မသိလို့မှားမှား၊ မှားတယ်ဆိုရင် အရေးယူတယ်ဆိုတာကို အင်မတန်သတိထားဖို့ မေတ္တာရပ်ခံလိုပါတယ်။ ပညာရေးဝန်ကြီး ဌာနအနေနဲ့ ညွှန်ကြားထားတဲ့ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတွေ ဘက်ကမူအတိုင်း ကျွန်တော်တို့ ရပ်တည်လို့ရပါတယ်။ သူ့ရဲ့ မြေပြင်အခြေအနေအရလုပ်ခြင်းကို ကိုယ့်သဘောနဲ့ကိုယ် ဆောင်ရွက်လို့မှားသွားရင် ကျွန်တော်တို့က ကာကွယ်လို့မရဘူးဆိုတာကို အလေးအနက်ထား မှာကြားလိုပါတယ်။ ဒီလုပ်ငန်းသည် လုံးဝအမှားမခံပါဘူး။ မေးခွန်းနဲ့ပတ်သက်ရင် အောင်မြင်ရေးနဲ့ပတ်သက်ရင် ရမှတ်တွေနဲ့ပတ်သက်ရင် လုံးဝပေါက်ကြားလို့ မရပါဘူး။ အောင်စာရင်းမထွက်ခင်အချိန်ထိ ပေါက်ကြားလို့ မရပါဘူး။ စာမေးပွဲသည် သူရဲ့လိုတဲ့အမှတ်ကိုလည်း အောင်သည်ထက် ပိုလျော့လို့မရပါဘူး။ သူ့ရဲ့အမှတ်ကို မအောင်လို့ဆိုပြီးတော့ အောင်အောင် တိုးပေးလို့လည်း မရပြန်ဘူး။ မြန်မာနိုင်ငံစာစစ်ဦးစီးက ထုတ်ထားသည့် စာအုပ်တွေအတိုင်း တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ရန်” မှာကြားသွားပါသည်။

သို့ဖြစ်၍ မကြာမီကျင်းပတော့မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့်ပတ်သက်၍ အကြံပြုတင်ပြလိုသည်။ အထက်ဖော်ပြပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး မှာကြားသွားသည်မှာ ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူအတွက် မှာကြားခြင်းပင်ဖြစ်သည်။ ထို့အတူ အစိုးရပိုင်းမှ တာဝန်ယူလုပ်ဆောင်နေရသူများအတွက်လည်း အဓိကထား၍ မှာကြားရန်ရှိသည်။ ယင်းမှာ အခြားမဟုတ်။ နိုင်ငံတော်က ကြီးမှူးကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းများ မှားယွင်းနေခြင်းပင် ဖြစ်သည်။ တာဝန်ခံထုတ်သူများမှာ သာမန်အဆင့်မဟုတ်ပါ။ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သည့် ပါမောက္ခများပင် ဖြစ်ပါသည်။ တစ်နိုင်ငံလုံး စံပြုလောက်သည့် မေးခွန်းများ မှားယွင်းနေခြင်းမှာ ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကျသကဲ့သို့ နိုင်ငံပုံရိပ်ကိုလည်း ကျဆင်းစေနိုင်ပါသည်။ လက်ငင်းဖြေရှင်းနေသောနည်းမှာ မှားယွင်းသွားသည့်ပုစ္ဆာ (ဝါ) သင်ခန်းစာအတွက် ရသင့်ရထိုက်သည့်အမှတ်ကို ထပ်ပေါင်းထည့်ပေးလိုက်ခြင်းသာဖြစ်သည်။ မဖြေနိုင်သည့် ကျောင်းသားအတွက် အချောင်ရလိုက်သော ရမှတ်သည် ဝမ်းသာစရာဖြစ်သော်လည်း အမှန်တကယ် စဉ်းစားတွက်ချက်လိုသည့် ကျောင်းသားကျောင်းသူအတွက် စိတ်အနှောင့်အယှက်များစွာ ဖြစ်ရပါသည်။ ဤကဲ့သို့ မှားယွင်းနေမှုမျိုးမှာ တစ်နှစ်တလေဖြစ်သည်မဟုတ်။ ပြန်၍ကြည့်လျှင် နှစ်စဉ်နှစ်တိုင်းပင် တစ်ဘာသာမဟုတ် တစ်ဘာသာတွင် တွေ့နေရခြင်းပင် ဖြစ်သည်။ ဤသို့မေးခွန်းများ မှားနေရခြင်းမှာ တစ်ဖက်မှ တာဝန်ယူမှု တာဝန်ခံမှုနှင့် အရေးယူအပြစ်ပေးမှုအပိုင်းတွင် အားနည်းနေသောကြောင့်သာ ဖြစ်သည်။

နောက်တစ်ချက်ပြောချင်သည်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် ဆိုင်သည်။ ကျောင်းသားကျောင်းသူတိုင်း မေးထားသည့်မေးခွန်းများကို ပိုင်ပိုင်နိုင်နိုင် ဖြေဆိုနိုင်ဖို့သည် ပြဋ္ဌာန်းသင်ရိုးကုန်ရုံဖြင့် မပြီးနိုင်။ ကလေးများ ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်ပေးနိုင်ဖို့ လိုသကဲ့သို့ အမှတ်ပေးစည်းမျဉ်းနှင့်အညီ ဖြေဆိုနိုင်ရန်ဖြစ်သည်။ ထိုသို့ဆိုလျှင် အထက်တန်းပြဘာသာရပ်သင် ဆရာဆရာမတိုင်းသည် သက်ဆိုင်ရာ ဘာသာရပ်အသီးသီး၏ အမှတ်ပေးစည်းမျဉ်းများကို သိဖို့လိုပါသည်။ သို့မှသာ မည်သို့ဖြေလျှင် အမှတ်မရနိုင်၊ မည်သို့တွက်မှရမည်။ မည်သည်တို့ကို ရှောင်ရှားရမည် စသဖြင့် ကြိုတင်လေ့ကျင်ပေးနိုင်မည် ဖြစ်သည်။ သို့သော် ယနေ့တိုင်အောင် ယင်းဘာသာရပ်ဆိုင်ရာ အမှတ်ပေးစည်းမျဉ်းများမှာ လျှို့ဝှက်အက်ဥပဒေတစ်ခုကဲ့သို့ လုံခြုံစွာ သိမ်းဆည်းကာ အပြင်သို့ ထုတ်ခွင့်မပြုပေ။ (နည်းမျိုးစုံဖြင့် အပြင်ပေါက်ကြားနေပါသည်)

အမှတ်ပေးစည်းမျဉ်းများ အပြင်သို့ ပေါ်က်ကြားခွင့်မပြုခြင်းမှာ အကျယ်အကျယ် မငြိမ်းဖွယ်ပြဿနာများကြောင့် ဖြစ်မည်ထင်သည်။ အကြောင်းမှာ အမှတ်ပေးစည်းမျဉ်းထုတ်ပြီးနောက် လက်တွေ့စာစစ်ကြရာတွင် အခက်အခဲများ တွေ့ကြရ၏။ မေးခွန်းတစ်ခုအတွက် အချို့အဖြေသည် တစ်ခုမက ရှိနိုင်သည်။ အချို့တွေးဆပုံ မှားနေသည်။ ပညာရှင်အချို့ ထောက်ပြကြသည်။ ပေးထားသည့် အမှတ်ပေးစည်းမျဉ်းအတိုင်းဆိုလျှင် ကလေးများ၏ ရမှတ်များ ထိခိုက်နိုင်သည်။ အချို့အမှတ်ပေးစည်းမျဉ်းများသည် ရန်ကုန်တိုင်းဒေသကြီးအတွက် အဖြေတစ်မျိုးဖြစ်နေ၍ ဧရာဝတီတိုင်းအတွက်မူ အဖြေတစ်မျိုးဖြစ်နေတတ်သည်။ အမှတ်ပေးစည်းမျဉ်းများနှင့်ပတ်သက်၍ ပညာရှင်များကြားတွင်ပင် အငြင်းပွားဖွယ်ရာများဖြစ်၍ အပြင်သို့ မထုတ်လိုသည့် သဘောဟု တွေးမိသည်။

စင်စစ်ယင်းမှာ လက်တွေ့ဖြေရှင်းနည်းမဟုတ်ပါ။ တက္ကသိုလ်ဝင်တန်း သင်ကြားနေသည့် ဆရာ ဆရာမများအတွက် အမှတ်ပေးစည်းမျဉ်းသည် အမှတ်တကယ်ပင် သိရန်လိုအပ်သည်။ အကြောင်းမှာ ဘာသာရပ်သင် ဆရာ ဆရာမတိုင်း စာလာ၍ စစ်ကြသူများမဟုတ်။ စာလာ၍ မစစ်သူများလည်း သိသင့်သည်။ ထို့ပြင် အမှတ်ပေးစည်းမျဉ်းကို ရေးဆွဲရာတွင် ပညာရှင်တစ်ဦးတည်း မရေးဆွဲသင့်ပါ။ ကျွမ်းကျင်ပညာရှင် နှစ်ဦး၊ သုံးဦးပေါင်း၍ အားလုံးလက်ခံနိုင်မည့် အဖြေကိုသာ ရေးဆွဲသင့်သည်။ ဆိုလိုသည်မှာ အဖြေတစ်ခုအတွက် မည်သည့်တွက်နည်းပင်ဖြစ်စေ၊ မည်သည့်ရှုထောင့်ကပင် ဖြေသည်ဖြစ်စေ အဖြေမှန်အတွက် အမှတ်ရစေမည့် နည်းလမ်းပင် ဖြစ်စေသင့်သည်။ အမှတ်ပေးစည်းမျဉ်းပါ အဖြေကိုသာဖြေမှ မှန်မည့်နည်း မဖြစ်သင့်တော့ပေ။

လက်ရှိ တက္ကသိုလ်ဝင်တန်း သင်ပြနေရသည့် ဆရာ ဆရာမများသည် သင်ရိုးကုန်ရန် အားထုတ်ကြ၏။ အလွတ်ကျက်စနစ်ကို အားပေးကာ အမှတ်ကောင်းကောင်း တက္ကသိုလ် ကောလိပ်ကောင်းကောင်းရရေးကိုသာ အာရုံပြုနေကြ၏။ အချို့ကျောင်းသား ကျောင်းသူများမှာ ကြိုးစားအားထုတ်မှုတွင် လည်းကောင်း၊ ဉာဏ်ရည်ဉာဏ်သွေးတွင် လည်းကောင်း ကောင်းပါလျက်နဲ့ အမှတ်ကောင်းမရကြ။ အချို့ဂုဏ်ထူးမှတ် ရသင့်သော်လည်း မရကြ။ အကြောင်းမှာ ကလေးများမှာ အမှတ်ပေးစည်းမျဉ်းဖြင့် စနစ်တကျ ထိတွေ့သင်ကြားခွင့်မရကြပေ။ သို့ဖြစ်၍ မလိုအပ်သည်များကို ဖြေဆိုမိခြင်း၊ အဓိကအချက်များ ကျန်သွားခြင်း၊ တွက်ချက်ပုံများမှားယွင်းကာ ရသင့်သည့်အမှတ်များ မရကြခြင်းတို့ဖြစ်သည်။ ရသင့်သည့် ဂုဏ်ထူးများလည်း ဆုံးရှုံးသွားကြရ၏။ သို့ဖြစ်၍ အဓိကသက်ဆိုင်သည့် ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများ အမှန်တကယ်သိသင့်သည့် အမှတ်ပေးစည်းမျဉ်းများကို အဘယ့်ကြောင့် လျှို့ဝှက်ထားသည်ကိုတော့ နားမလည်နိုင်တော့ပါ။

သို့ဖြစ်၍ ပညာရေး အရွေ့တစ်ခုကို ဆောင်ကြဉ်းရာတွင် ဘက်တစ်ဖက်တည်းကို ဖိအားပေး၍လည်း မရနိုင်သကဲ့သို့ တွန်းအားပေး၍လည်း မရနိုင်။ ဘက်စုံထောင့်စုံမှ ဖိအား တွန်းအား ညီဖို့လိုသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး ဂုဏ်သိက္ခာရှိရှိ ပြီးမြောက်နိုင်ဖို့တွင် အပိုင်းနှစ်ပိုင်း တွေ့ရသည်။ ယင်းမှာ အပြင်စည်းနှင့် အတွင်းစည်းပင်ဖြစ်၏။ အပြင်စည်းတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မှာကြားသွားသည့် ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများဖြစ်သကဲ့သို့ စာဖြေသူများကိုယ်တိုင် မပျက်မကွက် လိုက်နာရမည့် စည်းကမ်းများဖြစ်လေသည်။ သို့သော် အပြင်စည်းလိုက်နာရုံဖြင့် အဆင်ပြေချောမွေ့မှု မဖြစ်နိုင်ပါ။ အတွင်းစည်းဖြစ်သည့် စာမေးပွဲမေးခွန်းများ လုံခြုံမှုရှိခြင်း၊ တစ်နိုင်ငံလုံး၏ ကိုယ်စားပြုဘာသာရပ်ဆိုင်ရာ မေးခွန်းများ မှန်မှန်ကန်ကန်ဖြစ်မှု အရေးကြီးသကဲ့သို့ အဖြေလွှာဖျက်ခြင်း၊ အမှတ်စာရင်းသွင်းခြင်း၊ အောင်စာရင်း မှန်မှန်ကန်ကန်ထုတ်ပြန်နိုင်ခြင်းတို့အထိ ပါဝင်နေလေသည်။

ထို့ကြောင့် အပြင်စည်း၊ အတွင်းစည်း နှစ်ခုစလုံး ဟန်ချက်ညီရန် လိုသည်။ စာမေးပွဲနှင့်ပတ်သက်လျှင် တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိရမည်ဖြစ်သည်။ အတွင်းစည်းကဖောက်လျှင် အတွင်းစည်း၊ အပြင်စည်းကဖောက်လျှင် အပြင်စည်း ပြတ်ပြတ်သားသားဖြစ်ဖို့ လိုပါသည်။ လက်ရှိမြန်မာနိုင်ငံတွင် ကျောင်းသား ကျောင်းသူများ၏ အရည်အချင်းကို အကဲဖြတ်ရာတွင် အကောင်းဆုံးစနစ်မှာ စာမေးပွဲစနစ်ဖြစ်နေဆဲပင်။ သို့ဖြစ်၍ စာမေးပွဲများ ကျင်းပရာတွင် ယင်းမေးခွန်းများသည် ပြည်သူလူထုအတွင်း ပျံ့နှံ့သွားသည်သာ ဖြစ်၏။ သို့ဖြစ်၍ ယင်းစာမေးပွဲမေးခွန်းများသည် ဘာသာရပ်အရည် အသွေးနှင့်အတူ အတန်းအဆင့်အလိုက် စံမီဖို့လိုသည်။ လုံခြုံမှုရှိဖို့ လိုသည်။ အမှားအယွင်းကင်းဖို့လိုသည်။ သို့မှသာ ဂုဏ်သိက္ခာရှိသော စာမေးပွဲတစ်ခုကို ကျင်းပနိုင်ခြင်း မည်ပါမည်။

ခင်မောင်ဌေး (ပညာရေး)