News

POST TYPE

LATEST NEWS POST

ချောင်းသာနှင့် မော်တင်လမ်းတိုးချဲ့
10-Jan-2018


ပုသိမ်၊ ဇန်နဝါရီ ၉

ဧရာဝတီတိုင်း ပုသိမ်ခရိုင်ရှိ ပုသိမ်မြို့မှ ချောင်းသာကမ်းခြေဒေသနှင့် မော်တင်ကမ်းခြေဒေသသို့ သွားရာ ကားလမ်းနှစ်ခုကို ယခုဘဏ္ဍာနှစ်တွင် အဆင့်မြှင့်ကာ တိုးချဲ့ဖောက်လုပ်နေကြောင်း ပုသိမ်ခရိုင် လမ်းဦးစီးဌာနထံမှ သိရသည်။

မူလလမ်းမကြီးများကို ဘေးနှစ်ဖက် ၇ မီတာ တိုးချဲ့ပြီး လမ်းထုထည်ကိုလည်း ထပ်ပိုးလွှာ ၃ လက်မ အဆင့်မြှင့်တင်ခြင်း၊ လမ်းပြင်ဆင်ခြင်းများနှင့် လမ်းသားတစ်ပြေးညီဖြစ်စေရန် လုပ်ဆောင်နေကြောင်း၊ ယခုဘဏ္ဍာနှစ်မကုန်မီ တစ်လစောကာပြီးစီးရန် လျာထားကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးအေးချိုက ပြောကြားသည်။ 

ပုသိမ်ခရိုင်ရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများသို့ သွားရောက်သည့် ခရီးသွားများအနေနှင့် တောင်တက်တောင်ဆင်းလမ်းများ အဆင်မပြေခြင်း၊ လမ်းကြမ်းသဖြင့် လူပင်ပန်းကာ အခက်အခဲများ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။ 

“တပေါင်းလ (မတ်လ) မှာ ကျင်းပမယ့် မော်တင်စွန်း ဘုရားပွဲတော် ကျင်းပချိန်အမီ ဘုရားဖူးဧည့်သည်တွေ၊ ချောင်းသာကမ်းခြေ ခရီးသွားတွေ သွားလာမှုအဆင်ပြေစေဖို့အတွက် ရည်ရွယ်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။ 

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀ - ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အထိ စီမံကိန်းအရ နှစ်စဉ် ဆတိုးတိုးချဲ့ပြင်ဆင်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ လမ်းခရီးများ ပိုမိုကောင်းမွန်လာပါက ဒေသတွင်း ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပြီး ဒေသထွက်ကုန်စည်စီးဆင်းမှု ကောင်းမွန်လာကာ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း လျှပ်စစ်၊ စွမ်းအင်၊ ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။ 

ပုသိမ် - ချောင်းသာလမ်းမှာ ပုသိမ်မြို့မှ အရှည် ၃၆ မိုင်ကျော် ရှည်လျားပြီး ၁၈ ပေ အကျယ်ရှိကာ မော်တော်ယာဉ်ဖြင့်သွားပါက ၁ နာရီခွဲကြာကြောင်း၊ ပုသိမ် - မော်တင်လမ်းမကြီးမှာ ပုသိမ်မြို့မှ ၉၆ မိုင် ရှည်လျားပြီး အကျယ် ၁၂ ပေရှိကာ မော်တော်ယာဉ်ဖြင့် သွားပါက ၅ နာရီခန့် ကြာကြောင်း၊ အဆိုပါလမ်းနှစ်လမ်းမှာ ရခိုင်ရိုးမတောင်စွယ်ကို ဖြတ်ကျော်ဖောက်လုပ်ထားသည့် ခရီးလမ်းများဖြစ်ကြောင်း ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးဌာန ပုသိမ်ခရိုင် လမ်းဦးစီးဌာနရုံးထံမှ သိရသည်။

R-12