News

POST TYPE

LATEST NEWS POST

ငါးရှဥ့်၊ ငါးလင်ပန်း အကောင်သေးများသာ တင်ပို့သဖြင့် ဈေးကောင်းမရ


ရန်ကုန်၊ ဇန်နဝါရီ ၉

ရေထွက်ပစ္စည်း ပို့ကုန်များဖြစ်သည့် ငါးရှဥ့်၊ ငါးလင်ပန်းများ ပြည်ပသို့တင်ပို့ရာတွင် သဘာဝမှဖမ်းဆီးရမိသည့် အကောင်သေးများကိုသာ တင်ပို့နေရသဖြင့် ဈေးကောင်းမရရှိသောကြောင့် နည်းပညာများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

ပြည်ပသို့ ငါးရှဥ့်နှင့်ငါးလင်ပန်း တင်ပို့မှုမှာ ယခင်ကတစ်နှစ်လျှင် တန်ချိန် ၁၂၀၀၀ ခန့်အထိ တင်ပို့နိုင်ခဲ့သော်လည်း လက်ရှိတွင် တန်ချိန် ၇၀၀၀ ခန့်သာ တင်ပို့နိုင်ကြောင်း၊ ထိုသို့ လျော့နည်းလာခြင်းမှာ ငါးရှဥ့်နှင့်ငါးလင်ပန်း မွေးမြူရာတွင် နည်းလမ်းမမှန်သောကြောင့် အရှုံးနှင့်ရင်ဆိုင်နေရပြီး သဘာဝမှဖမ်းဆီးရမိသည့် အကောင်များကိုသာ တင်ပို့နေရခြင်းဖြစ်ကြောင်း ငါးရှဥ့်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ 

ပြီးခဲ့သည့် အစိုးရသက်တမ်း ငါးနှစ်တာကာလအတွင်းက ငါးရှဥ့်၊ ငါးလင်ပန်း၊ ငါးဟောက်နှင့်ငါးဖရုံ ပြည်ပတင်ပို့သည့် အကောင်အရွယ်အစားများကို သေချာစွာ စစ်ဆေးထိန်းချုပ်မှုများ မရှိခဲ့ခြင်းကြောင့် ယခုအစိုးရလက်ထက်တွင် ပြန်လည်စစ်ဆေးကြပ်မတ်ကာ နည်းပညာများ ပံ့ပိုးပေးမည်ဖြစ်ပြီး ကြပ်မတ်ဆောင်ရွက်မည့် အသေးစိတ် အချက်အလက်များကို လာမည့် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အသေးစိတ်ထပ်မံ ဆွေးနွေးမည်ဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။ 

“အရင်က ငါးရှဥ့်၊ ငါးလင်ပန်း တင်ပို့မှုကို သေချာမထိန်းချုပ်ခဲ့ဘူး။ အခု ခဲတံလောက်၊ တီကောင်လောက် အကောင်လေးတွေပို့နေပြီ။ ကိုယ့်မှာ နည်းပညာမရှိတဲ့အတွက် ကိုယ့်ဆီကပို့တဲ့ ငါးရှဥ့်၊ ကဏန်း အသေးလေးတွေကအစ တရုတ်က အကုန်ဝယ်တယ်။ ဒီအတိုင်းသွားရင်တော့ ဈေးကောင်းမရဘူး။ အဲဒါကြောင့် နည်းပညာပိုင်းကို တိုးပြီးပံ့ပိုးပေးမယ်”ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ငါးရှဥ့်၊ ငါးလင်ပန်း တင်ပို့မှုများကို နည်းပညာပံ့ပိုးမှု အားနည်းခဲ့သောကြောင့် တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် မထုတ်လုပ်နိုင်ဘဲ လက်ရှိအချိန်အထိ ဈေးကောင်းမရသည့် အကောင်သေးများကိုသာ တင်ပို့နေရသောကြောင့် ဈေးကောင်းရရှိသည့် အရွယ်အထိ မွေးမြူနိုင်ရန် နည်းပညာများ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဈေးကွက်ဝင်သည်အထိ မွေးမြူနိုင်ရန်အတွက်လည်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

ပြည်ပတင်ပို့ရာတွင် စနစ်တကျရှိစေရန်အပြင် စာရင်းဇယားများမှန်ကန်စွာ ရရှိစေရန်နှင့် ရေထွက်ပစ္စည်း ပို့ကုန်တန်ဖိုးများ တိုးတက်လာစေရေးတို့အတွက် အဆိုပါ ရေထွက်ကုန်တင်ပို့မှုများကို ကြပ်မတ်ဆောင်ရွက်မည်ဆိုပါက ပြည်ပသို့ တရားမဝင်တင်ပို့နေမှုများကို ထိန်းချုပ်နိုင်မည်ဖြစ်ကာ ရေထွက်ပစ္စည်း ပို့ကုန်တန်ဖိုးများလည်း တိုးတက်လာမည်ဖြစ်ကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။ 

J-11