News

POST TYPE

LATEST NEWS POST

တိုက်ကြီးတွင် အိမ် ၆ လုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းကို တောဆင်ရိုင်းဖျက်ဆီး
09-Jan-2018



ရန်ကုန်၊ ဇန်နဝါရီ ၈

တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်လမ်းမနှင့် တစ်မိုင်ကျော်သာကွာဝေးသော မင်္ဂလာရပ်ကွက် လူသန့်အင်းကျေးရွာတွင် ဇန်နဝါရီလ ၇ ရက်တွင် တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်လာမှုကြောင့် လူနေအိမ် ၆ လုံးနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ဖျက်ဆီးခံရကြောင်း မင်္ဂလာရပ်ကွက် ရာအိမ်မှူး ဦးမျိုးနိုင်က ပြောသည်။ 

တောဆင်ရိုင်းကို မြိုင်ဟေဝန် ဆင်စခန်းမှ ဆင်ဦးစီးများက ဗျောက်အိုးများဖြင့် ခြောက်လှန့်နေသည်မှာ နှစ်ရက်ခန့်ပင်ရှိနေကြောင်း၊ တောဆင်ရိုင်းကို မြိုင်ဟေဝန်ဆင်စခန်းမှ ဆင်သုံးကောင်ဖြင့် တောစပ်ကို မောင်းသွင်းလျက်ရှိရာ ရွာထဲမှ ထွက်ခွာသွားပြီဖြစ်ကြောင်း တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနက တောအုပ် သိန်းသန်းထွန်းက ပြောသည်။

“ကျွန်တော်တို့အိမ်တွေကို နေ့ခင်းမှာ ဖျက်ဆီးတာ၊ ဆင်က အစာငတ်နေပုံရတယ်၊ အိမ်မှာရှိတဲ့ဆန်တွေကို ရှာစားနေတာ မြင်ပေမယ့်လည်း မမောင်းရဲဘူး၊ ပြေးဖို့လုပ်နေရတယ်၊ ကလေးတွေကိုတော့ ရွာထဲကအသိအိမ်မှာ အပ်ထားရတယ်”ဟု နေအိမ်အဖျက်ခံရသည့် ဦးသိန်းဇော်က ပြောသည်။ 

နေအိမ်များနှင့် ဘုန်းကြီးကျောင်းကို ဖျက်ဆီးသော တောဆင်ရိုင်းမှာ ဟိုင်းဆင်တစ်ကောင်ဖြစ်ပြီး ၈ ပေခန့်မြင့်ကာ အသက် ၅၀ ကျော်ရှိနိုင်ကြောင်း၊ ယင်းတောဆင်ရိုင်းမှာ သင်းကွဲကာ ရောက်ရှိလာဟန်တူကြောင်း မြိုင်ဟေဝန် ဆင်စခန်းမှ ဆင်ဦးစီးတစ်ဦးက ပြောသည်။ 

တိုက်ကြီးမြို့နယ်တွင် ၁၉၉၆ ခုနှစ်မှ စတင်ကာ တဘူးလှဆည် တည်ဆောက်ပြီးချိန်မှ စတင်ကာ တောဆင်ရိုင်းများ စားကျက်ပျောက်လာကြောင်း၊ ယင်းအပြင် ပဲခူးရိုးမ တောစပ်များတွင် သစ်ဝါးခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်းတို့ကို လုပ်ကိုင်လာမှုကြောင့် လူသူများလာသဖြင့် တောဆင်ရိုင်းများမှာ အစာပေါသော ကျေးရွာများထံ တောဆင်ရိုင်းများ ဝင်ရောက်လေ့ရှိကြောင်း  ကင်းမတီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က မှတ်ချက်ပေးသည်။ 

R-19


  • VIA