News

POST TYPE

LATEST NEWS POST

လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သည့် ကလေးငယ် ဒုတိယအကြိမ်ခွဲစိတ်ရန် အကူအညီလို
မူဆယ်၊ ဇန်နဝါရီ ၆ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ (၁၀၅) မိုင်၊ မိုင်းယုကျေးရွာတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာတွင် ဒဏ်ရာရခဲ့သူနှစ်ဦးအနက် သုံးနှစ်အရွယ် ကလေးငယ်သည် ဒုတိယအကြိမ် ခွဲစိတ်ရမည်ဖြစ်၍ အကူအညီလိုအပ်လျက်ရှိကြောင်း မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

ယင်းနေ့က လက်နက်ကြီးထိမှန်မှုကြောင့် နေအိမ်ခြံအတွင်း ထိုင်နေသူ ဦးရန်တဲယုံမှာ ခြေနှစ်ဖက်စလုံး၌ လက်နက်ကြီးထိမှန်ခဲ့ကြောင်း မြေပြင်တွင် ဆော့ကစားနေသည့် မြေးဖြစ်သူ မောင်ရင်ဆန်းမှာ ခါးပြတ်ဒဏ်ရာဖြင့် နေရာတွင်သေဆုံးခဲ့ပြီး မြေးအငယ်ဖြစ်သူ မောင်ရန်ရုံပီးမှာ ခြေထောက်တွင် ဒဏ်ရာရရှိကာ ညာဘက်ပေါင်မှာ ပြတ်လုလုအနေအထားဖြင့် ဒဏ်ရာရှိခဲ့ကြောင်း၊ အဆိုပါဒဏ်ရာရရှိမှုကြောင့် ၎င်းတို့နှစ်ဦးသည် တရုတ်နိုင်ငံ မန်စီမြို့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

“လက်ရှိအခြေအနေမှာ အဖေကတော့ ပထမအကြိမ် ခွဲစိတ်ပြီးပါပြီ။ ကလေးကိုလည်း ပထမအကြိမ် ခွဲစိတ်ပြီးပါပြီ။ ဒါပေမဲ့ ဒုတိယအကြိမ် ထပ်ခွဲဖို့လိုအပ်တယ်။ ငွေကြေးလည်း အခက်အခဲဖြစ်နေရပါတယ်”ဟု သုံးနှစ်အရွယ် ကလေးငယ်၏ မိခင် မရန်ချင်က ပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မိသားစုဝင်များအတွက် မူဆယ်မြို့ပေါ်ရှိ စေတနာရှင်ပြည်သူများ၏ လှူဒါန်းငွေများကို ထောက်ပံ့လှူဒါန်းပေးလျက်ရှိပြီး ဇန်နဝါရီလ ၄ ရက်နေ့အထိ အလှူငွေ ပေါင်းကျပ်သိန်း ၇၀ ကျော် ရရှိလှူဒါန်းခဲ့ကြောင်း မူဆယ်မြို့ရှိ စေတနာပရဟိတ အသင်းထံမှ သိရသည်။

ယင်းနေ့က မိုင်းယုကျေးရွာအတွင်းသို့ လက်နက်ကြီး လေးကြိမ်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ရာ လူငါးဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကာ နွားခြံအတွင်းမှ နွား ၁၈ ကောင် သေဆုံးခဲ့သည့်အတွက် အဆိုပါ ဖြစ်စဉ်ကို မူဆယ်မြို့မ ရဲစခန်းတွင် (ပ) ၅၁၂ /၂၀၁၇ တွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂/၃၀၇/၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးလျက်ရှိသည်။    

R-07