News

POST TYPE

LATEST NEWS POST

၂၀၁၇ ခုနှစ် ကျိုက်ထီးရိုး ရှေးဟောင်းဇုန် နိုင်ငံခြားခရီးသွားဝင်ကြေး ကျပ်သိန်း ၉၀၀၀ နီးပါး ရရှိ
05-Jan-2018



မော်လမြိုင်၊ ဇန်နဝါရီ ၎

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ သမိုင်းဝင် ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော်မြတ်ကြီးတည်ရှိရာ ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ၂၀၁၇ ခုနှစ် နိုင်ငံခြားခရီးသွားများထံမှ ဇုန်ဝင်ကြေး ကျပ်သိန်းပေါင်း ၉၀၀၀ နီးပါး ကောက်ခံရရှိသည်ဟု  မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ နိုင်ငံခြားဧည့်သည်တော်များကို ဇုန်ဝင်ကြေးအဖြစ် တစ်ဦးလျှင် ကျပ်ခြောက်ထောင်နှုန်းဖြင့် ကောက်ခံခဲ့ရာမှ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့မှစပြီး တစ်ဦးလျှင် ကျပ်တစ်သောင်း တိုးမြှင့်ကောက်ခံခဲ့သည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာလကုန်ထိ ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ နိုင်ငံခြားဧည့်သည် တစ်သိန်းကျော် (၁၂၀,၁၉၉ ဦး) ဝင်ရောက်ခဲ့ကာ ဇုန်ဝင်ကြေး ကျပ်သိန်း ကိုးထောင်နီးပါး (၈၈၉,၉၄၆,၀၀၀) ကောက်ခံရရှိခဲ့သည်ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရှိ စာရင်းအရ သိရသည်။

“ကျိုက်ထီးရိုးဇုန်ဝင်ကြေးကို ပြည်နယ် အစိုးရအဖွဲ့ရဲ့ ညွန်ကြားချက်အရ အောက်တိုဘာလ ၅ ရက်နေ့က တိုးမြှင့်ကောက်ခံလိုက်တာဖြစ်တယ်” ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။

ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန် နိုင်ငံခြားခရီးသွားဝင်ကြေးကို ယခင်က ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကောက်ခံလာခဲ့ပြီး၊ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှစကာ မွန်ပြည်နယ်အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီးနောက် ဇုန်ဝင်ကြေးကို စည်ပင်သာယာရေးအဖွဲ့က ကောက်ခံလာခဲ့သည်။

ကောက်ခံရရှိသည့် ဇုန်ဝင်ကြေးများကို ပြည်နယ်အစိုးရ ရန်ပုံငွေသို့ ပေးသွင်းရသည်ဟု အထက်ပါ ညွှန်ကြားရေးမှူးက ပြောခဲ့သည်။

ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ နိုင်ငံတကာ ဘုန်းတော်ကြီးများနှင့် စစ်သံရုံးဝန်ထမ်းများကိုသာ ဇုန်ဝင်ကြေး ကင်းလွတ်ခွင့်ပြုထားပြီး အခြားမည်သူမဆို ယဉ်ကျေးမှုဇုန်သို့ လာရောက်ပါက ဇုန်ဝင်ကြေး ပေးဆောင်ရသည်။

ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ထိုင်းနိုင်ငံသားအများဆုံး  လာရောက်လည်ပတ်လျက်ရှိကြပြီး ဗီယက်နမ်၊ တရုတ်၊ ဂျပန် အစရှိသည့် အာရှနိုင်ငံများနှင့် အမေရိကန်၊ ဥရောပနိုင်ငံများက ခရီးသွားများလည်း ပုံမှန်လာရောက် လည်ပတ်လျက်ရှိသည်ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ထံမှ သိရသည်။

ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ နှစ်စဉ်နှစ်တိုင်း နိုင်ငံခြားဧည့်သည်တော် ၁ သိန်းကျော် လာရောက်လည်ပတ်လေ့ရှိသည်ဟု ကျိုက်ထိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံမှ သိရသည်။

Dawei Watch