News

POST TYPE

LATEST NEWS POST

ကျောက်မဲတွင် စစ်ဘေးရှောင်သူ တစ်ထောင်ကျော်ရှိ
04-Jan-2018



ရန်ကုန်၊ ဇန်နဝါရီ ၃

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တအောင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (TNLA) တို့၏တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍  ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင်လာသူဦးရေ  ၁၀၀၀ ကျော်ရှိကြောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော အရပ်ဘက် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

ဒီဇင်ဘာ ၂၆ ရက်မှ စတင်သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့ပေါ်ရှိ စခန်း ၄ ခုနှင့် မိုင်းငေါ့မြို့နယ်ခွဲရှိ စခန်း ၂ ခုတွင် စစ်ဘေးတိမ်းရှောင်လာသူ ၁၁၁၅ ဦး ရောက်ရှိပြီး မိုးအဆက်မပြတ် ရွာသွန်းနေသည့်ကြားမှ ကျောက်မဲမြို့အထိ လမ်းလျှောက်လာသူများပင် ရှိနေကြောင်း ကူညီထောက်ပံ့ရေး လုပ်ငန်းများဆောင်ရွက်ပေးနေသူ ကျောက်မဲမြိုခံ ကိုသားဇော်က ပြောဆိုသည်။.

“အများဆုံးက ပလောင်တိုင်းရင်းသားတွေပါ၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ အများဆုံးပါ၊ မိုးရွာပြီး အရမ်းအေးတဲ့ကြားက ရောက်လာနေတုန်းပဲ၊ လတ်တလော  ဘုန်းကြီးကျောင်းတွေ ၊ ဓမ္မာရုံတွေမှာ ချပေးထားတယ်”ဟု ကိုသားဇော်က ဆိုသည်။

အဆိုပါ စစ်ရှောင်ဒုက္ခသည်များအတွက် ကယ်ဆယ်ရေးပစ္စည်းများ ရရှိသော်လည်း စောင်များ၊ အနွေးထည်များ၊ တစ်ကိုယ်ရေသုံး အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသေးကြောင်း UNOCHA ထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်နှင့် နမ့်ဆမ်မြို့နယ်အတွင်းရှိ လူဦးရေကိုးရာကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေထိုင်ရလျက်ရှိကြောင်း အဆိုပါ ပြည်သူများကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန ဒေသတွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအလှူရှင်များက အရေးပေါ်လိုအပ်ချက် ဖြည့်ဆည်းလျက်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာရုံး UNOCHA က သတင်းထုတ်ပြန်သည်။

ထို့ပြင် ကချင်ပြည်နယ် မန်စီမြို့နယ်တွင်လည်း ပြီးခဲ့သည့် ခရစ္စမတ်ကာလများက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လူ ၁၀၀ ဦးကျော် ထပ်မံ နေရပ်စွန့်ခွာနေကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းတွင် KIA နှင့် TNLA လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ပြည်ထောင်စု လမ်းမကြီးအနီးရှိ ကျေးရွာများသို့ ထိခိုက်ခဲ့ပြီး ယင်းပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

ယင်းနောက်တွင် ကချင်ပြည်နယ်အတွင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ပြည်ထောင်စု လမ်းတစ်လျှောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း KIA နှင့် TNLA ပူးပေါင်းအဖွဲ့များက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကို လုံခြုံရေးဆောင်ရွက်နေသည့် တပ်စခန်းများကို လာရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်မှုကိုလည်း ယင်းလက်နက်ကိုင်အဖွဲ့များက ငြင်းဆိုထားသည်။

J-08၊ R-07


  • VIA