News

POST TYPE

LATEST NEWS POST

၁၈ နှစ် မိန်းကလေးကိုသတ်၍ မီးရှို့ဖျောက်ဖျက်ရာတွင် ပါသူတစ်ဦးကို စတင်စစ်ဆေး
03-Jan-2018

ကျိုင်းတုံ၊ ဇန်နဝါရီ ၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကျိုင်းတုံ-လွိုင်မွေလမ်း မိုင်တိုင်အမှတ် (၈/၄) အနီးတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က အမျိုးသမီးငယ်တစ်ဦးကိုသတ်၍ မီးရှို့ အလောင်းဖျောက်ဖျက်ရာတွင် ပူးပေါင်းပါဝင်သူတစ်ဦးကို ဇန်နဝါရီလ ၁ ရက်မှစတင်ကာ စစ်ဆေးနေပြီဖြစ်ကြောင်း ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ဆွေက ပြောကြားသည်။ 

“သာစည်မြို့မှာ ဖမ်းမိထားတဲ့ စိုင်းရှဲန်ကို စခန်းမှူးကိုယ်တိုင် သွားရောက်လွှဲပြောင်းယူထားတဲ့အပြင် မန္တလေးမှာရောင်းထားတဲ့ ကောင်မလေးရဲ့ဆိုင်ကယ်ကိုလည်း သိမ်းယူနိုင်ခဲ့တယ်။ သူတို့နှစ်ယောက်ကို မတွေ့ပေးသေးဘဲ တစ်နေရာစီ စစ်ဆေးနေတယ်”ဟု ၎င်းက ဆိုသည်။

ပြစ်မှုကျူးလွန်ရာတွင် အဓိကပါဝင်သည့် စိုးလွင်နှင့်ပူးပေါင်းပါဝင်သူ စိုင်းရှဲန်တို့ကို စစ်ဆေးရာတွင် ယင်းမိန်းကလေးငယ်ကို အဓမ္မပြုကျင့်ရန် ကြိုတင်ကြံစည်၍ ခေါ်ယူခဲ့သည်ဟု ဝန်ခံသော်လည်း အဓမ္မပြုကျင့်ရန်ကြိုးစားစဉ် လက်မခံဘဲ အော်ဟစ်ရုန်းကန်ရာမှ လက်လွန်ကာ သေဆုံးသွားသောကြောင့် အထမမြောက်ကြောင်း လက်ရှိတွင် ထွက်ဆိုထားကြောင်း ကျိုင်းတုံ မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်မြင့်ထွန်းက ပြောကြားသည်။ 

အသက် ၁၈ အရွယ်ရှိ ဒသမတန်းကျောင်းသူကို ဒီဇင်ဘာလ ၂၀ ရက်နေ့က အမှတ် (၄) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သတ်ကာ အခင်းဖြစ်နေရာ၌ အလောင်းကို မီးရှို့ဖျောက်ဖျက်ခဲ့သည့် စိုးလွင် (၄၀ နှစ်) နှင့် စိုင်းရှဲန် (ခ) အိုက်ပီး (၃၀) နှစ်တို့ကို ဒီဇင်ဘာလ ၂၆ ရက်က ကျိုင်းတုံမြို့နှင့်သာစည်မြို့တို့တွင် ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၂၁၀ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း ကျိုင်းတုံ မြို့မရဲစခန်းထံမှ သိရသည်။              

R-16

  • VIA