News

POST TYPE

LATEST NEWS POST

ပျောက်ဆုံးကျားဖောင်လုပ်သားများအနက် ၁၀ ဦး အသက်ရှင်လျက် ပြန်တွေ့
26-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မြန်မာ့ပင်လယ်ပြင်တွင် လေပြင်းကျ၍ ပျောက်ဆုံးနေသော ကျားဖောင်လုပ်သား ၄၈ ဦးအနက် ၁၀ ဦးကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိထားကြောင်း ဖျာပုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝါဝါသိန်းက ပြောကြားသည်။

“ဒီနေ့ (ဒီဇင်ဘာ ၂၅ ရက်) မနက်မှာ ၁၀ ဦး အသက်ရှင်လျက် ပြန်တွေ့တယ်။ ပင်လယ်ပြင်ကပဲ တွေ့တယ်။ ကျန်းမာရေးအခြေအနေ ကောင်းတယ်။ ကျန်တဲ့ ၃၈ ယောက်ကိုတော့ ထပ်ရှာနေတုန်း”ဟု ၎င်းက ပြောဆိုသည်။

ဖျာပုံမြို့နှင့် ရေမိုင် ၂၂ မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်တွင် ဒီဇင်ဘာ ၂၁ ရက်ည ၇ နာရီဝန်းကျင်တွင် လေပြင်းကျခဲ့ခြင်းကြောင့်  လုပ်ငန်းရှင် ၁၁ ဦး ပိုင်ဆိုင်သည့် ကျားဖောင် ၈၆ ခုနှင့် ရေလုပ်သား ၂၅၈ ဦး ရေထဲမျောပါသွားခဲ့ရာ ဒီဇင်ဘာ ၂၃ ရက်က ကျားဖောင်လုပ်သား ၂၁၀ ဦးကို ပြန်လည်ရှာဖွေတွေ့ရှိထားခဲ့ပြီး ကျားဖောင် ၈၆ ခုအနက် ၁၅ ဖောင် ပျက်စီးဆုံးရှုံးခဲ့ရသည်။

ခါပြတ်ကျေးရွာမှ ကျားဖောင်ပိုင်ရှင်ငါးဦး၏ ကျားဖောင်ငါးဖောင် ပျောက်ဆုံးနေပြီး ကျန်ရေလုပ်သား ၃၈ ဦးကို ဆက်လက်ရှာဖွေနေကြောင်း  ဒေါ်ဝါဝါသိန်းက ထပ်လောင်းပြောကြားသည်။

ပျောက်ဆုံးနေသူများကို လုပ်ငန်းရှင်များ၊ ကျွမ်းကျင်ရေလုပ်သားများ၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆက်လက်ရှာဖွေနေသည်ဟု ၎င်းက ပြောဆိုသည်။

ဒီဇင်ဘာ ၅ ရက်နေ့ကလည်း ဖျာပုံမြို့နှင့် ၄၅ မိုင်အကွာရှိ မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေတစ်စင်း နစ်မြုပ်ခဲ့ပြီး ရေလုပ်သားတစ်ဦး သေဆုံးကာ လေးဦး ပျောက်ဆုံးခဲ့သေးသည်။

ကျားဖောင်တစ်ဖောင်တွင် လူသုံးဦးသာရှိပြီး ဖောင်နောက်လိုက် နှစ်ဦးနှင့် ဖောင်ဦးစီးတို့ လုပ်ကိုင်ကြရာ ဧရာဝတီတိုင်းအတွင်း၌ ကျားဖောင်လုပ်ငန်းရာသီအတွက် ဩဂုတ်လအတွင်း လုပ်သားစုဆောင်းပြီး စက်တင်ဘာလမှ ဧပြီလအထိ ပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်းခွင် ဝင်ရသည်။  

J-18