News

POST TYPE

LATEST NEWS POST

နှစ်သစ်ကူးကာလ ရွှေတိဂုံဘုရားပိတ်မှု ခရီးသွားများအပေါ် ရိုက်ခတ်
18-Dec-2017 tagged as ရွှေတိဂုံ


ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရွှေတိဂုံစေတီ တက်ရောက်ခွင့်ပိတ်ကြောင်း အသိပေးမှု နောက်ကျသည့်အတွက် ပြည်တွင်း၊ ပြည်ပခရီးသွားများ အခက်အခဲ ဖြစ်ရကြောင်း ခရီးသွား လုပ်ငန်းရှင်များထံမှ သိရသည်။

ရွှေတိဂုံစေတီတော်တွင် ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပမည်ဖြစ်သောကြောင့် ဒီဇင်ဘာလ ၃၁ ရက် ညနေ ၄ နာရီမှ ဇန်နဝါရီလ ၁ ရက်မွန်းတည့် ၁၂ နာရီထိ တက်ရောက်ခွင့် ပိတ်မည်ဆိုသော အသိပေးချက်သည် နီးကပ်မှ သိရှိရခြင်းဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။

“တချို့နိုင်ငံတွေမှာဆိုရင် ဒီလိုပွဲမျိုးကို သက်သက်ကို ခေါ်ပြတာတွေရှိ တယ်။ လုံခြုံရေးအရဆိုရင်တော့ ခရီးသွား ကုမ္ပဏီတွေနဲ့တိုင်ပင်ပြီး ခွင့်ပြုသင့်တယ်။ အခုဟာက အရမ်းနီးကပ်မှ အကြောင်းကြားတော့ ခရီးသွားအေဂျင်စီတွေအနေ နဲ့ စီစဉ်ရတာခက်ခဲသွားနိုင်တယ်”ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွန်အသင်းဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းက ဆိုသည်။

ယင်းကဲ့သို့ ဘုရားပေါ်တက်ရောက် ခွင့် ပိတ်သဖြင့် ခရီးစဉ်အားလုံး စီစဉ်ပြီး ဖြစ်၍ ရက်ရွှေ့မရတော့သည့် နိုင်ငံခြား ဧည့်သည်များ အခက်အခဲဖြစ်နိုင်ကြောင်း၊ ရွှေတိဂုံဘုရားသို့ ရောက်သည့်အခါ အပြင်ကကြည့်ပြီး ပြန်ရတာမျိုးလည်း ဖြစ်နိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင် အချို့က သုံးသပ်ကြသည်။

“အဲ့အချိန်လေးအတွင်းတော့ တိုးတွေ အစီအစဉ် ပြောင်းရမှာပါ။ ပွဲစီစဉ်တာက တိုင်းအစိုးရအဖွဲ့က စီစဉ်တာပါ။ ဒါကြောင့် ခရီးသွားလုပ်ငန်းတွေ ကြိုတင် စီစဉ်နိုင်အောင် သိတာနဲ့ ချက်ချင်း အကြောင်းကြားပေးထားတယ်”ဟု ရန်ကုန်တိုင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူက ဆိုသည်။

အဆိုပါပွဲတော် ကျင်းပစဉ်အတွင်း ပြည်တွင်းပြည်ပခရီးသွားများအနေနှင့် အဆင်မပြေမှုများ ရှိနိုင်သောကြောင့် ယင်းအချိန် ကျော်လွန်မှသာ ရွှေတိဂုံ စေတီတော်သို့ တက်ရောက်ရန် ခရီးသွား လုပ်ငန်းရှင်အသင်းအဖွဲ့များထံ ဒီဇင်ဘာ လ ၁၄ ရက်က ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှုဦးစီးဌာနက အကြောင်းကြား ခဲ့ခြင်းဖြစ်သည်။

“ခရီးသွား ကုမ္ပဏီတွေအနေနဲ့ ခရီးစဉ်တွေကို ကြိုတင်စီစဉ်ရတာ ဖြစ်တဲ့အတွက် အခုအကြောင်းကြားတာ အရမ်းကို ကပ်နေတယ်။ အမှန်ဆို ကြိုတင်အကြောင်းကြားပြီး သတိပေးထားရင် ပြင်ဆင်လို့ရတယ်။ အခုအခြေအနေက ခရီးသွား ကုမ္ပဏီတွေအနေနဲ့ ပြန်စီစဉ်ရတာတွေ ခက်ခဲတယ်”ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်သင်းသင်းအောင်က ဆိုသည်။

“ရန်ကုန်ကိုလာလည်ရင် ရွှေတိဂုံက မဖြစ်မနေ လိုက်ပို့ရတဲ့နေရာတစ်ခုပါ။ အခုလိုမျိုး ပိတ်လိုက်တော့ မြန်မာနိုင်ငံကို ရောက်ပြီးမှ ရွှေတိဂုံကို အဝေးကနေပဲ ကြည့်ရနိုင်တဲ့ အခြေအနေဆိုတော့ ဧည့်သည်တွေအတွက်တော့ မကောင်းဘူး”ဟု ဧည့်လမ်းညွန်တစ်ဦးက ဆိုသည်။

ရွှေတိဂုံစေတီတော် ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားကို သံဃာ ပေါင်း တစ်သောင်းရှစ်ထောင်ဖြင့်  ဇန်နဝါရီလ ၁ ရက် နံနက်၅နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသား ဧည့်သည် နေ့စဉ် နှစ်ထောင်ကျော်ခန့် ပုံမှန် ဝင်ရောက်လေ့ရှိပြီး ထိုင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယားလူမျိုးများ အများဆုံး ဝင်ရောက်ပြီး ဥရောပနိုင်ငံသားများလည်း လာရောက်လေ့ရှိသည်။

ယခုနှစ်နိုဝင်ဘာလအတွင်း နိုင်ငံခြားသားဧည့်သည် ခုနစ်သောင်းကျော် ဝင်ရောက်ခဲ့ပြီး ဧည့်ဝင်ကြေး ကျပ်သိန်း ခြောက်ထောင်ကျော် ရရှိထားကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါ သံဃာပေါင်း တစ်သောင်း ရှစ်ထောင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ NLD ပါတီတို့ ပူးပေါင်းကာ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။ 

J-14