News

POST TYPE

LATEST NEWS POST

YBS ၅၉ ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ မြောင်းအတွင်းထိုးကျ
18-Dec-2017 tagged as YBS

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ပင်လုံမီးပွိုင့်အနီးတွင် ဒီဇင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်က YBS အမှတ် ၅၉ ခရီးသည်တင် ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးရေမြောင်းအတွင်း ထိုးကျခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးဘက်မှ တံတားဖြူ မှတ်တိုင်ဘက်သို့ မောင်းနှင်လာသော ယင်းခရီးသည်တင် ယာဉ်သည် ပင်လုံမီးပွိုင့်အရောက် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းဘေး ရေမြောင်းအတွင်း ထိုးကျသွားခြင်း ဖြစ်ကြောင်း၊ ထိုသို့ ထိုးကျချိန်တွင် ယာဉ်ပေါ်၌ ခရီးသည် ၃၀ ခန့်ပါရှိပြီး ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“တစ်ဖက်ယာဉ်ကြောက ရှင်းနေတယ်။ အဲဒီရှင်းနေတဲ့ဘက်ကို ယာဉ်မောင်းက ဆွဲချလိုက်တာ၊ လမ်းဘေးကျပေမယ့် ထိခိုက်ပျက်စီးတာ မရှိပါဘူး၊ ဖြစ်တဲ့အချိန်က ရထားသံလမ်းက ပိတ်ထားတဲ့အချိန် ဖြစ်နေလို့ ယာဉ်လမ်းကြောက ရှင်းနေတဲ့အတွက် ဘာမှဖြစ်မသွားတာ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်း ယာဉ်လမ်းဘေးထိုးကျမှုနှင့် ပတ်သက်၍ ယာဉ်မောင်းအမျိုးသားကို မော်တော်ယာဉ် ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

J-16