News

POST TYPE

LATEST NEWS POST

မိုးညှင်းတွင် ရထားနှစ်စင်းကြား ထော်လာဂျီချိတ်ပါ
18-Dec-2017 tagged as ရထား

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

မိုးညှင်းခရိုင်၊ နန်းမားဘူတာအနီး ဒီဇင်ဘာလ ၁၇ ရက်၊ မွန်းလွဲပိုင်းက မြစ်ကြီးနားနှင့် မန္တလေးပြေးဆွဲသော အထူးအမြန်ရထားနှင့် ထော်လာဂျီချိတ်မိပြီး အရှိန်နှင့်ပါသွားစဉ် ရပ်ထားသည့် ရထားစက်ခေါင်းတစ်ခုနှင့် ညှပ်မိခဲ့ကြောင်း နန်းမားဘူတာထံမှ သိရသည်။

ထိုသို့ မီးရထားနှင့်ထော်လာဂျီ ယာဉ်တိုက်မိမှုကြောင့် ရထားစက်ခေါင်းပိုင်းရှိ ဆီတိုင်ကီနှင့်လေအိုး ထိခိုက်ပျက်စီးခဲ့ခြင်းကြောင့် အခြား စက်ခေါင်းတစ်ခုဖြင့် အစားထိုးပြေးဆွဲရပြီး ထော်လာဂျီမှာမူ ရထားနှစ်စင်းကြား ညပ်ခဲ့သဖြင့် ကိုယ်ထည် အစိတ်စိတ်အမြွှာမြွှာဖြင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း နန်းမားဘူတာရုံ ရုံပိုင်ကြီး ဦးတင်မောင်ဌေးက ပြောကြားသည်။

“ဝိုင်းတားနေတဲ့ကြားက ထော်လာဂျီက သံလမ်းပေါ် ဇွတ်အတင်း ဖြတ်တက်တာ။ ဒီနေရာကို သွားလို့ရအောင် လုပ်ပေးထားတဲ့ လမ်းနေရာလည်း မဟုတ်ဘူး။ ယာဉ်မောင်းကော အားလုံးက နှစ်ဆယ်ကျော် အရွယ်တွေပါ။ အသက်အန္တရာယ် မဖြစ်ပေမယ့် ပွန်းပဲ့ဒဏ်ရာလောက်တော့ ရသွားကြတယ်။ လောလောဆယ် ရဲစခန်းမှာ ထိန်းသိမ်းထားပါပြီ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အသက်အန္တရာယ် ထိခိုက်မှုမရှိသော်လည်း ယာဉ်မောင်းနှင်ရမည့် လမ်းမဟုတ်ဘဲ တက်ရောက် မောင်းနှင်သော ထော်လာဂျီယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ယာဉ်ပေါ်ပါ အမျိုးသား တစ်ဦးတို့ကို နန်းမားဘူတာ ရုံပိုင်ကြီးက တရားလိုလုပ်၍ မြန်မာ့မီးရထားအက် ဥပဒေ ပုဒ်မ ၈၅ ဖြင့် မိုးညှင်းမြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရသည်။

“ပျက်စီးသွားတဲ့ ထော်လာဂျီယာဉ်ရဲ့ အပိုင်းအစတွေကို ရှင်းလင်းရတာနဲ့ ရထားထွက်ခွာဖို့ သုံးနာရီလောက် ကြန့်ကြာသွားတယ်။ မသေကောင်း မပျောက်ကောင်းပေါ့ဗျာ။ ရထားနှစ်ခုကြားထဲ ရောက်သွားပေမယ့် တစ်စင်းက ရပ်ထားတဲ့ စက်ခေါင်းမို့ လူတွေ သက်သာသွားတာဗျ”ဟု ရထားတိုက်မိသည့် နေရာတွင် ဝင်ရောက်ကူညီပေးခဲ့သော အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးသာလှက ဆိုသည်။

အထူး အမြန်ရထားသည် အရှိန်ဖြင့် အမှတ်(၁) သံလမ်းအတိုင်း မြစ်ကြီးနားမှ မန္တလေးဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး ထော်လာဂျီက ရထားသံလမ်းပေါ် ဖြတ်တက်လိုက်ခြင်းကြောင့် မီးရထား စက်ခေါင်းပိုင်းနှင့် ချိတ်ပါခဲ့ကာ နန်းမားဘူတာရုံ အနီးရှိ အမှတ် ၂ သံလမ်းတွင် ရပ်နားထားသည့် မီးရထား စက်ခေါင်းနှစ်စီးကြားထဲသို့ အရှိန်ဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း  မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

J-17

  • VIA