News

POST TYPE

LATEST NEWS POST

ခွင့်ပြုချက်မရှိဘဲ ယာဉ်တင်သွင်းပြေးဆွဲပါက YBS ယာဉ်ပြေးဆွဲခြင်း လုပ်ငန်းရပ်စဲမည်
17-Dec-2017 tagged as YBS


ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်း ကုမ္ပဏီများအနေနှင့် YRTA ၏ခွင့်ပြုချက်မရှိဘဲ ပြည်ပယာဉ် တင်သွင်းသည့် ကုမ္ပဏီများထံမှ ခရီးသည်တင် စီးတီးဘတ်စ်ယာဉ်များ မှာယူခြင်း၊ ယာဉ်လိုင်းအတွင်း ဝင်ရောက်ပြေးဆွဲခြင်းကို စစ်ဆေးတွေ့ရှိပါက YBS ယာဉ်ပြေးဆွဲခြင်းလုပ်ငန်းမှ ရပ်စဲမည်ဟု ဒီဇင်ဘာလ ၁၆ ရက်က ထုတ်ပြန် ကြေညာခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

YBS ခရီးသည်တင်ယာဉ် တင်သွင်းခြင်းနှင့် စပ်လျဉ်း၍ ခရီးသွား ပြည်သူများ သွားလာရေးတွင် လုံခြုံရေး ချောမွေ့စေရန် YBS ယာဉ်များ စက်စွမ်းအားကြံ့ခိုင်မှု၊ မြို့တော် အင်္ဂါရပ်နှင့်အညီ ဥပဓိရုပ် ကောင်းမွန်သော YBS ခရီးသည်တင် ယာဉ်များဖြင့် ပြေးဆွဲနိုင်ရန် စီမံထားရှိနေသဖြင့် YBS ယာဉ်လိုင်းကုမ္ပဏီများ YRTA  ၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပယာဉ်တင်သွင်းသည့် ကုမ္ပဏီများထံမှ ခရီးသည်တင် စီးတီးဘတ်စ်ယာဉ်များ မှာယူတင်သွင်းကာ YBS ယာဉ်လိုင်းအတွင်း ဝင်ရောက်ပြေးဆွဲကြောင်း စစ်ဆေးတွေ့ရှိပါက YBS ယာဉ်ပြေးဆွဲခြင်းလုပ်ငန်းမှ ရပ်စဲသည်အထိ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

YBS ယာဉ်များကို တာဝန်ယူ ပြေးဆွဲနေသည့် ယာဉ်လိုင်း ကုမ္ပဏီများအနေနှင့် ပြေးဆွဲခြင်းလုပ်ငန်းတွင် စနစ်တကျနှင့် တရားဝင် လုပ်ကိုင်ဖြစ်စေရန် ယင်းသို့ စီမံဆောင်ရွက်ခြင်းဖြစ်ပြီး ရေရှည် လုပ်ကိုင်လိုသည့်ကုမ္ပဏီများ သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာသင့်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ YUPT အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က ပြောကြားသည်။

“အခုသတ်မှတ်တဲ့ စည်းကမ်းချက်က ရုပ်ရှင်ရုံထဲဝင်ရင် လက်မှတ်တော့ ဝယ်ရမှာပေါ့။ မဟုတ်ရင် တရားဝင် မဟုတ်ဘဲ ခိုးကြည့်သလို ဖြစ်နေမှာပေါ့။ အဲဒီသဘောပါပဲ”ဟု ၎င်းက ဆိုသည်။

နိုဝင်ဘာလ ၈ ရက်က ဝန်ဆောင်မှု မပေးနိုင်ခြင်း၊ တိုင်ကြားစာ များပြားခြင်း၊ ယာဉ်လုပ်သားများ ယာဉ်စည်းကမ်း ချိုးဖောက်မူများခြင်းအပြင် YRTA ၏ ခွင့်ပြုချက်မရှိဘဲ ယာဉ်သစ်များ တင်သွင်းကာ YBS ယာဉ်လိုင်းအတွင်း ပြေးဆွဲခြင်းနှင့် ခရီးစဉ်အသစ်များ တိုးချဲ့ပြေးဆွဲခြင်းတို့ကြောင့် ခေတ်သစ် ငြိမ်းချမ်းရေး အများပိုင်ကုမ္ပဏီကို Bus operator တာဝန်မှ YRTA က ရပ်စဲခဲ့သည်။

J-06