News

POST TYPE

LATEST NEWS POST

အိန္ဒိယတွင် ကလေးသူငယ် မုဒိမ်းမှု သေဒဏ်ချမှတ်ခြင်းကို အရှိန်မြှင့်ရန် ဆွာတီမာလီဝါ တောင်းဆို
17-Dec-2017 tagged as အိန္ဒိယ


ဒေလီ၊ ဒီဇင်ဘာ ၁၇

အိန္ဒိယနိုင်ငံတွင် ကလေးသူငယ်များအပေါ် မုဒိမ်းမှု ကျူးလွန်သူများကို ခြောက်လအတွင်း သေဒဏ်ပေးသင့်သည်ဟု အမျိုးသမီး အခွင့်အရေး ဦးဆောင် လှုပ်ရှားသူတစ်ဦးက တောင်းဆိုလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အမျိုးသမီးအရေး လှုပ်ရှားသူ ဆွာတီမာလီဝါက ဝန်ကြီးချုပ် နာရင်ဒရာမိုဒီထံ စာပို့၍ မေတ္တာရပ်ခံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ယခု တောင်းဆိုမှုသည် အိန္ဒိယနိုင်ငံတစ်လွှား ဆန္ဒပြမှုများ ဖြစ်ပေါ်စေခဲ့သော ကျောင်းသူ ဂျိုတီဆင်း ၂၃ နှစ် အုပ်စုဖွဲ့ မုဒိမ်းကျင့် အသတ်ခံရမှု ငါးနှစ်မြောက်နှင့် တိုက်ဆိုင်နေသည်။

“ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ ဘာမှမပြောင်းလဲခဲ့ဘူး” ဟု အမျိုးသမီးအရေးဆိုင်ရာ ဒေလီကော်မရှင်ဥက္ကဋ္ဌ မစ္စမာလီဝါက ပြောကြားသည်။

“ဒေလီက မုဒိမ်းမှုတွေရဲ့ မြို့တော် ဖြစ်နေတုန်းပါပဲ။ ပြီးခဲ့တဲ့လက တစ်နှစ်ခွဲအရွယ် မိန်းကလေးငယ်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ ခုနစ်နှစ်အရွယ် မိန်းကလေးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ နောက်ထပ် တစ်နှစ်ခွဲအရွယ် မိန်းကလေးကို မုဒိမ်းကျင့်မှုတွေ ဖြစ်ပွားခဲ့ပါတယ်”ဟု သူမက ပြောကြားသည်။

မြို့တော်ဒေလီတွင် ပျမ်းမျှအားဖြင့် နေ့စဉ် မိန်းကလေးငယ် သုံးဦးနှင့် အမျိုးသမီး ခြောက်ဦး မုဒိမ်းကျင့်ခံနေရသည်ဟု သိရှိရသည်။

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ငါးနှစ်က ကြေကွဲစရာဖြစ်ရပ်ကို အကြောင်းပြု၍ မုဒိမ်းမှုဆိုင်ရာ ဥပဒေများကို ပြင်ဆင်မှု ပြုလုပ်ခဲ့ပြီး အမှုစစ်ဆေးမှုများကို အရှိန်မြှင့်ရန် လုပ်ဆောင်ခဲ့သည့်အပြင် မုဒိမ်းမှုနှင့် လိင်အကြမ်းဖက်မှု တိုင်ကြားချက်များကို ပိုမို အလေးထား အရေးယူ ဆောင်ရွက်ကြရန် ရဲအရာရှိများကို ဖိအားပေးလျက်ရှိသည်ဟု ဘီဘီစီ၏ တောင်အာရှအယ်ဒီတာ ဂျီလ် မက်ဂီဗာရင်က သတင်းပေးပို့သည်။

ထိုသို့ ပိုမိုသိရှိနားလည်လာကြပြီး အမှုကို သတင်းပေး တိုင်ကြားမှုများ မြင့်တက်လာသည့်တိုင်အောင် ပြဿနာကို မဖြေရှင်းနိုင်သေးဟု မစ္စမာလီဝါက ပြောကြားသည်။

မစ္စမာလီဝါ၏ ပေးစာတွင် ကလေး သူငယ်မုဒိမ်းမှုများကို ရာဇဝတ်မှု ကျူးလွန်ပြီး လပိုင်းအတွင်း သေဒဏ်ပေးရန်နှင့် ယခုထက် ပိုမို အရေးယူဆောင်ရွက်ရန် ဝန်ကြီးချုပ်မိုဒီကို တိုက်တွန်းထားသည်။

လွန်ခဲ့သောငါးနှစ်က ကျောင်းသူ ဂျိုတီဆင်း၏အမှုတွင် ကျူးလွန်သူ တရားခံများကို တရားစွဲဆိုကာ သေဒဏ်ချမှတ်ခဲ့သော်လည်း တရားခံများကို ယခုတိုင် ကြိုးပေး၍ သေဒဏ်စီရင်ခြင်း မပြုသေးသောကြောင့် သူမ၏မိခင်သည် မျှတသော တရားစီရင်မှုကို ယခုအချိန်အထိ မရရှိသေးပေ။

F-04