News

POST TYPE

LATEST NEWS POST

ရေချိုငါးမွေးမြူရေး နည်းပညာဆိုင်ရာ သုတေသနစင်တာ မြန်မာအစိုးရထံ လွှဲပြောင်းမည်
17-Dec-2017


မန္တလေး၊ ဒီဇင်ဘာ ၁၇

ကိုရီးယားနိုင်ငံ Korea International Corporation Angency က အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ သန်း အကုန်အကျခံကာ တည်ဆောက်ပေးနေသော မြန်မာနိုင်ငံ၏ ပထမဦးဆုံး ရေချိုငါးမွေးမြူရေး နည်းပညာဆိုင်ရာ သုတေသန စင်တာကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာအစိုးရထံ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

ယင်းသုတေသနစင်တာ တည်ဆောက်နိုင်ရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ Korea International Corporation Angency တို့က ၂၀၁၅ အောက်တိုဘာလတွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်း တည်ဆောက်ရေးလုပ်ငန်းများကို စတင် လုပ်ဆောင်ခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးလှဝင်းက ပြောကြားသည်။ 

မန္တလေးမြို့ရှိ သရက်ကုန်းငါးလုပ်ငန်း စခန်းဝင်းအတွင်း တည်ဆောက်နေသော ရေချိုငါးမွေးမြူရေး နည်းပညာဆိုင်ရာ သုတေသနစင်တာမှာ တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ပြီး လက်ရှိတွင် စက်ပစ္စည်းများ တပ်ဆင်ခြင်း လုပ်ငန်းများ ပြုလုပ်လျက်ရှိကြောင်း၊ ၂၀၁၈ ဇန်နဝါရီလတွင် သုတေသနစင်တာရှိ စက်ပစ္စည်းများ ကိုင်တွယ် အသုံးပြုနိုင်ရန်နှင့် နည်းပညာများ ဖြန့်ဖြူးနိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာန၊ ငါးမွေးစခန်းများမှ ဝန်ထမ်းများ၊ မန္တလေးတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ မန္တလာကောလိပ်၊ မုံရွာတက္ကသိုလ်တို့မှ  သတ္တဗေဒဌာနဆရာ၊ ဆရာမများ၊ မန္တလေး၊ စစ်ကိုင်းမှ ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများကို ကိုရီးယားနိုင်ငံ ငါးလုပ်ငန်း ပညာရှင်များက သင်တန်းပေးခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ရေချိုငါးမွေးမြူရေး ပညာဖွံ့ဖြိုးရေးအတွက် သုတေသန အခြေခံများ ထူထောင်နိုင်ခြင်းဖြင့် မြန်မာပတ်ဝန်းကျင်နှင့် အသင့်တော်ဆုံးဖြစ်မည့် ငါးမွေးမြူစနစ်တစ်ရပ် ပေါ်ထွန်းလာစေခြင်း၊ ရေချိုငါးမွေးမြူခြင်းလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ပညာပေးရေး ဝန်ဆောင်မှုများ ခိုင်မာအားကောင်းလာစေခြင်း၊ စမ်းသပ်ချက်များဖြင့် ထုတ်လုပ်စွမ်းရည်များ ပိုမို တိုးတက်လာခြင်းနှင့် နည်းစနစ်အသစ်များကို လက်တွေ့အသုံးချခြင်း၊ ငါးမွေးတောင်သူများ၏ ဝင်ငွေ တိုးတက်ပြီး တည်ငြိမ် ကောင်းမွန်သော ဘဝရရှိရေးအတွက် အကောင်းဆုံးသော  စီမံခန့်ခွဲမှုများ ထောက်ပံ့ပေးခြင်းများ လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

M-05

  • VIA