News

POST TYPE

LATEST NEWS POST

မောင်တောသို့ ရခိုင်တိုင်းရင်းသားများ ထပ်မံပြောင်းရွှေ့
17-Dec-2017 tagged as မောင်တော


စစ်တွေ၊ ဒီဇင်ဘာ ၁၆  

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်ကျေးရွာသို့ သံတွဲမြို့ ဆင်ခေါင်းကျေးရွာမှ ရခိုင်တိုင်းရင်းသား အိမ်ထောင်စု ၁၃စုမှ ဒီဇင်ဘာလ ၁၅ ရက်က ထပ်မံ ရွှေ့ပြောင်းလာကြောင်း အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြု ကော်မတီထံမှ သိရသည်။

“သူ့ဟာသူတို့ ပြောင်းရွှေ့လာကြတာဖြစ်တယ်။ ကျွန်တော်တို့က ခရီးစဉ် ချောမွေ့ရေးအတွက် ကူညီပေးတာဖြစ်တယ်” ဟု အဆိုပါကော်မတီမှ အထွေထွေ အတွင်းရေးမှူး ဦးသန်းထွန်းက ပြောသည်။

လတ်တလောတွင် အင်းဒင်ကျေးရွာအနီးတွင် ဆင်ခေါင်းကျေးရွာမှ ပြောင်းရွှေ့လာသူများ အခြေချနေထိုင်နိုင်ရန်အတွက် အိမ်ခြေ ၅၀ ဖြင့် ကျေးရွာသစ်တစ်ခုကို မောင်တော လူမှုအဖွဲ့အစည်းများက ဦးဆောင်ကာ စတင်တည်ဆောက်နေကြောင်း၊ ယင်းအပြင် ကိုးတန်ကောက်ကျေးရွာတွင်လည်း နေအိမ်များ တည်ဆောင်ပေးနေကြောင်း ယင်းကော်မတီထံမှ သိရသည်။ 

“ကျွန်တော့်ကို ဘယ်သူကမှ တွန်းအားပေးလို့ လာတာမဟုတ်ဘူး၊ ကိုယ့်အသိစိတ်က အနောက်တံခါးကို ထိန်းသိမ်းရမယ်ဆိုတဲ့ စိတ်ရှိလို့ ဒီကိုပြောင်းရွှေ့လာတာဖြစ်တယ်” ဟု ဆင်ခေါင်းကျေးရွာမှ ပြောင်းရွှေ့လာသူ ဦးစိန်အောင်က ပြောသည်။

ပြောင်းရွှေ့လာသူများမှ အချို့မှာ လွန်ခဲ့သော ၁၀နှစ်ခန့်က မောင်တောဒေသတွင် အခြေချနေထိုင်ခဲ့သူများဖြစ်ပြီး ရေလုပ်ငန်းဖြင့် အသက်မွေးကြသူများဖြစ်ကြောင်း၊ အဆိုပါကျေးရွာအနီးတွင် အခြေချကာ လုပ်ကိုင်စားသောက်ရန်အတွက် ဆင်ခေါင်းကျေးရွာမှ ပထမအသုတ်အနေနှင့် အိမ်ထောင် ၁၈ စု ရောက်ရှိနေပြီး ဖြစ်သည်။

ထို့ပြင် ရမ်းဗြဲမြို့နယ်နှင့် မာန်အောင်မြို့နယ်များကလည်း အိမ်ထောင်စု ၃၁ စု သည် ယခုလ အစောပိုင်းက ရောက်ရှိနေကြောင်း၊ ပြောင်းရွှေ့လာသူများက ကိုးတန်ကောက်၊ သင်္ဘောကွေ့နှင့် အင်းဒင်ကျေးရွာများတွင် နေထိုင်နေပြီး  လူဦးရေ ၁၀၀ ကျော်ခန့် ရှိနေကြောင်း အနောက်ဘက် နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြုကော်မတီထံမှ သိရသည်။

ခိုင်မင်းညို