News

POST TYPE

LATEST NEWS POST

ဆွေးနွေးပွဲများမတိုင်မီ လက်နက်စမ်းသပ်မှုများ ရပ်ဆိုင်းထားရန် မြောက်ကိုရီးယားကို တေလာဆန် တိုက်တွန်း
17-Dec-2017 tagged as


နယူးယောက်၊ ဒီဇင်ဘာ ၁၆

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တေလာဆန်က ပြုံယမ်း၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်ကိစ္စအပေါ် ဆွေးနွေးပွဲများ ကျင်းပနိုင်ရန်အတွက် လက်နက်စမ်းသပ်မှုများကို ရပ်ဆိုင်းထားရန် တိုက်တွန်းလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

ကြိုတင်သတ်မှတ်ချက်မထားဘဲ မြောက်ကိုရီးယားနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ရန် တေလာဆန်က ကမ်းလှမ်းမှုသည် ဆွေးနွေးပွဲ၏ အစီအစဉ်တစ်ရပ်အဖြစ် နျူကလီးယားလက်နက် စွန့်လွှတ်ရေးကို ပြုံယမ်းက ဦးစွာ လက်ခံရမည်ဟု အမေရိကန်အစိုးရက တောင်းဆိုထားမှုနှင့် ကွာဟနေသည်။

သို့ရာတွင် အိမ်ဖြူတော်က တေလာဆန်၏ ပြောဆိုမှုများကို ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ လောလောဆယ် ညှိနှိုင်းရမည့် အချိန်မဟုတ်ဟုသာ ပြောကြားသည်။

“မြောက်ကိုရီးယားအနေနဲ့ ဆွေးနွေးပွဲစားပွဲကို ပြန်လာဖို့ လမ်းရှာရမှာပါ။ နျူကလီးယား ကင်းရှင်းမှုရတဲ့အထိ ဖိအားပေးမှုအစီအစဉ်ကို ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု တေလာဆန်က ကုလလုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပြောကြားသည်။

မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများအတွက် မည်သည့် ကြိုတင်သတ်မှတ်ချက်ကိုမှ အမေရိကန်က လက်ခံမည်မဟုတ်ဟုလည်း ၎င်းက အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားသည်။

ဝါရှင်တန်သည် ပြုံယမ်းနှင့် အချိန်မရွေး ဆွေးနွေးရန် အဆင်သင့်ရှိပြီး ပြဿနာကို ပြေလည်အောင် ညှိနှိုင်းနိုင်ရန် မျှော်လင့်ထားသည်ဟုလည်း တေလာဆန်က ယခင်အပတ်က ပြောကြားထားသည်။

အဆိုပါ လုံခြုံရေးကောင်စီ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ မြောက်ကိုရီးယား သံအမတ်ကြီးကမူ လက်နက်စမ်းသပ်မှု ရပ်ဆိုင်းရန် တေလာဆန်၏ တိုက်တွန်းမှုနှင့် ပတ်သက်၍ မှတ်ချက်ပေးခြင်း မပြုပေ။

မြောက်ကိုရီးယားသံအမတ် ဂျာဆောင်နမ်က လုံခြုံရေးကောင်စီ အစည်းအဝေးသည် နျူကလီးယား လက်နက်နိုင်ငံဖြစ်လာသော မြောက်ကိုရီးယား၏ အင်အားကို ကြောက်ရွံ့နေသည့် အမေရိကန်ပြည်ထောင်စုက စီစဉ်သော စိတ်ပျက်ဖွယ် ကိစ္စတစ်ခုသာဖြစ်သည်ဟု ပြောကြားသည်။

ဧပြီလနောက်ပိုင်း ဒုံးကျည်စမ်းသပ်မှု ဆက်တိုက်ပြုလုပ်နေသော မြောက်ကိုရီးယားက အမေရိကန်ကုန်းမကြီးအထိ နျူကလီးယားဒုံးကျည်ဖြင့် ပစ်ခတ်နိုင်စွမ်းမရှိခင် ညှိနှိုင်းရန် စိတ်မဝင်စားကြောင်း ပြောကြားထားသည်။

လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက မြောက်ကိုရီးယားသည် နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်ကို စွန့်လွှတ်ရန် အဆင်သင့် ပြင်ထားခြင်းမရှိသည့်အပြင် မှန်ကန်စွာ ဆွေးနွေးရန် စိတ်မဝင်စားကြောင်းနှင့် စမ်းသပ်မှု ရပ်ဆိုင်းပါကလည်း ရပ်နားနေမည်မဟုတ်ကြောင်း ဝေဖန်ပြောကြားသည်။

တေလာဆန်က တရုတ်နှင့် ရုရှားကိုလည်း ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုများကို အကောင်အထည်ဖော်ခြင်းဖြင့် မြောက်ကိုရီးယားအပေါ် ဖိအားတိုးမြှင့်ကြရန် သောကြာနေ့က တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်နှင့် ရုရှားကမူ အမေရိကန်၏အဆိုကို ထောက်ခံသော်လည်း တစ်ဖက်သတ် အရေးယူမှုသည် အခြားနိုင်ငံများ၏ ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများကို ထိခိုက်စေနိုင်သည်ဟု စောဒကတက်ခဲ့ကြသည်။

အစည်းအဝေး တက်ရောက်ခဲ့သော ကုလ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်က ကိုရီးယားကျွန်းဆွယ်တွင် ပဋိပက္ခဖြစ်ပေါ်စေမည့် နားလည်မှုလွဲမှားခြင်း အန္တရာယ်ကို လျှော့ချရန်အတွက် ကိုရီးယားနှစ်နိုင်ငံအကြားနှင့် စစ်တပ်များအကြား ဆက်သွယ်ရေးလမ်းကြောင်းများ ခိုင်မာအောင် အမြန်ဆုံး ထူထောင်ထားရမည့် အချိန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

F-04

  • VIA
  • TAGS