News

POST TYPE

LATEST NEWS POST

အိန္ဒိယတွင် ခင်ပွန်းဖြစ်သူကိုသတ်ဖြတ်၍ လူစားထိုးမှုကြောင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီး
15-Dec-2017


ဒေလီ၊ ဒီဇင်ဘာ ၁၄

အိန္ဒိယနိုင်ငံတွင် အမျိုးသမီးတစ်ဦးသည် ခင်ပွန်း (လင်အကြီး) ဖြစ်သူကို သတ်ဖြတ်ကာ တိတ်တိတ်ပုန်းချစ်သူ (လင်အငယ်) ကို ပလပ်စတစ်ဆာဂျရီုလုပ်၍ လူစားထိုးရန် ကြိုးစားမှုကြောင့် ထိုစုံတွဲကို ဖမ်းဆီးထားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ခင်ပွန်းကိုသတ်ပြီးနောက် တိတ်တိတ်ပုန်းချစ်သူ အမျိုးသား၏မျက်နှာကို ကြိုတင်စီစဉ်ထားသည့်အတိုင်း အက်ဆစ်ဖြင့်လောင်းကာ ခွဲစိတ်ကုသမှုအပြီးတွင်  ရုပ်ပြောင်းသွားသည်ဟု ပြောဆိုရန်ကြံစည်ထားကြခြင်းဖြစ်သည်ဟု တီလန်ဂါနာပြည်နယ် ရဲဌာနကပြောကြားသည်။

ခင်ပွန်းဖြစ်သူ၏ မိဘများက အက်ဆစ်ဇာတ်လမ်းကို ယုံကြည်ကာ ဆေးရုံစရိတ်များကို ပေးဆောင်ထားသည်ဟုလည်း သိရှိရသည်။

သို့ရာတွင် ခင်ပွန်းဖြစ်သူ၏ အကိုက ဆေးရုံသို့လာကြည့်စဉ် ထိုကိစ္စကို သံသယရှိသောကြောင့် လက်ဗွေရာစစ်သောရဲကို တိုင်ကြားရာမှ ကွဲလွဲမှုကိုတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ခင်ပွန်းဖြစ်သူ၏အကိုက လူသတ်မှုဟုစွပ်စွဲကာ ထိုစုံတွဲကို ရဲစခန်း၌ အမှုဖွင့်ခဲ့သည်။ ဆွာတီရက်ဒီဟုခေါ်သော အမျိုးသမီးကို ရဲက ဖမ်းဆီးထားပြီး သူမ၏ တိတ်တိတ်ပုန်းချစ်သူ ရာဂျေ့ရှ်အက်ဂျာကို လူကိုလည်း အက်ဆစ်လောင်ဒဏ်ရာများကုသပြီး ဆေးရုံမှဆင်းသည်နှင့်တစ်ပြိုင်နက် ဖမ်းဆီးမည်ဟု ရဲက ပြောကြားသည်။

ခင်ပွန်းဖြစ်သူ ဆူဒါကာရက်ဒီမှာမူ နိုဝင်ဘာလ ၂၆ ရက်က အသတ်ခံရပြီး နောက်တစ်နေ့တွင် အလောင်းကို ဖျောက်ဖျက်ခံထားရမှုကြောင့် ယခုအထိ ၎င်း၏အလောင်းကို ရှာမတွေ့သေးပေ။ ဆွာတီရက်ဒီက ခင်ပွန်းဖြစ်သူကို သူမတို့စုံတွဲ သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံလိုက်ပြီဖြစ်ကြောင်း ရဲဌာကထုတ်ပြန်သည်။

ဆွာတီရက်ဒီက ခင်ပွန်းဖြစ်သူ၏ ဆွေမျိုးများထံ အက်ဆစ်ဖြင့် တိုက်ခိုက်ခံရကြောင်း သတင်းပေးပြီးနောက်တွင် တိတ်တိတ်ပုန်းချစ်သူ ရာဂျေ့ရှ်အက်ဂျာကိုလူက နိုဝင်ဘာလ ၂၈ ရက်တွင် ဆေးရုံသို့ တက်ရောက်ကုသခဲ့သည်။

ဆူဒါကာရက်ဒီ၏ မိဘများက ဆေးရုံတက်နေသူသည် ၎င်းတို့၏သားဖြစ်သည်ဟု ယုံကြည်ကာ ဆေးကုသမှုစရိတ် ရူပီး ၅၀၀,၀၀၀ (ဒေါ်လာ ၇၈၀၀ ခန့်)ကို ပေးချေခဲ့ကြသည်ဟု ရဲကပြောကြားသည်။

ဆူဒါကာရက်ဒီ၏ အကိုဖြစ်သူ ဆေးရုံသို့လာကြည့်ပြီး သံသယရှိသောကြောင့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည့် ဒီဇင်ဘာလ ၉ ရက် မတိုင်မီအထိ ထိုအမှု၏ ဖြစ်ရပ်မှန် မပေါ်ပေါက်ခဲ့ပေ။ 

F-04

  • VIA