News

POST TYPE

LATEST NEWS POST

ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့် ရခိုင်ဒေသသို့ အကူအညီပေးရေး လွှတ်တော်တွင်မေးမြန်း
15-Dec-2017


ပုသိမ်၊ ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီနှင့် တိုင်းအစိုးရအဖွဲ့ဝင်များ၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များက ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့မှုနှင့် ပတ်သက်၍  မဲဆန္ဒရှင်ပြည်သူများ သိရှိလိုကြောင်းကို ဒီဇင်ဘာလ ၁၃ရက်က ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းကို တိုင်းလွှတ်တော်အစည်းအဝေးတွင် ဝါးခယ်မမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ဦးဌေးအောင်က မေးမြန်းခဲ့သည်။

ယခုနှစ် အောက်တိုဘာလ ၂၆ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ လွှတ်တော်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတို့ သွားရောက်ခဲ့သည်။

ရခိုင်ပြည်နယ်သို့ သွားရောက်ရသည်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ကော်မတီ၏ ဖွံ့ဖြိုးရေးစီမံကိန်း အစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးအနေနှင့် တစ်ထောင့်တစ်နေရာက ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦဝင်းဌေးက ပြောကြားသည်။

တောင်ပေါ်ဒေသများတွင် နေထိုင်ကြသော ခရုချောင်း၊ မျောက်ခေါင်းတော၊ ပန်းတောချောင်ရွာများမှ မြိုလူမျိုးများက တောင်ပေါ်တွင် ဆက်လက် မနေထိုင်လိုကြသဖြင့် သစ်တုံးနား ခွဆုံရွာသစ်တည်ပေးရေးတွင် ကူညီနေခြင်းဖြစ်ကြောင်း၊ ရွာသစ်တွင် ဘုန်းကြီးကျောင်း၊ ဆေးပေးခန်း၊ စာသင်ကျောင်းဆောက်လုပ်မည့် မြေနေရာများပါဝင်သည့်အပြင် အိမ်ရာ ၈၆ကွက် ရှိကြောင်း၊ ယင်းမြေကွက်များအနက် ပေ ၄၀x၆၀ အိမ်ရာကွက် ၈၆ကွက် ရှိပါကြောင်း၊ ဧရာဝတီတိုင်း အစိုးရက ၄၄ကွက်ကို အိမ်တည်ဆောက်ပေးရမည် ဖြစ်ကြောင်း၊ ယင်းအိမ်များအနက် ၁၀ လုံးကို စတင်ဆောက်လုပ်နေကြောင်း ၎င်းက ရှင်းပြသည်။ 

ဧရာဝတီတိုင်းဒေသကြီးအနေနှင့် အကူအညီပေးရေးကော်မတီကို ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းဆောင်ရွက်ထားပြီး ဘဏ္ဍာငွေရှာဖွေရေး ဆပ်ကော်မတီကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအားလုံး ပါဝင်လှူဒါန်းနိုင်ရန်အတွက်လည်း စီစဉ်ထားကြောင်း  ၎င်းက ဆက်လက်ပြောဆိုသည်။ 

R-11

  • VIA