News

POST TYPE

LATEST NEWS POST

အင်းဝအပ်ချုပ်ဆိုင်အမှု လေးဦးကို ထောင်ဒဏ် အမိန့်ချ၊ နှစ်ဦး ကွင်းလုံးကျွတ်လွတ်
15-Dec-2017 tagged as အိမ်အကူ


ရန်ကုန်၊ ဒီဇင်ဘာ ၁၅

အိမ်အကူ မိန်းကလေး နှစ်ဦးကို နှိပ်စက်မှုဖြင့် တရားစွဲဆိုထားသည့် အင်းဝ အပ်ချုပ်ဆိုင်အမှုကို ယနေ့ (ဒီဇင်ဘာလ ၁၅ ရက်) မွန်းလွဲ ၁ နာရီက အနောက်ပိုင်းခရိုင် တရားရုံးတွင် အပြီးသတ် အမိန့်ချခဲ့ရာ ဒေါ်တင်သူဇာ အပါအဝင် လေးဦးကို ထောင်ဒဏ်အမိန့်များ ချမှတ်ခဲ့ပြီး နှစ်ဦးမှာ အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်ခဲ့သည်။

ယင်းအမှုကို တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် အိမ်အကူ မိန်းကလေးနှစ်ဦးကို နှိပ်စက်မှု၊ လုပ်အားခငွေ မပေးမှုတို့ကို ဒေါ်တင်သူဇာနှင့် ၎င်း၏သမီးငယ် မစုမွန်လတ်တို့က ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လူကုန်ကူးမှု ပုဒ်မ၊ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုပုဒ်မ၊ နာကျင်စေမှုပုဒ်မ၊ မတရားတားဆီးပိတ်ပင်မှုပုဒ်မတို့ဖြင့် ထောင်ဒဏ် ၁၆ နှစ် တစ်လ ကျခံစေရန် ခရိုင်တရားသူကြီး ဒေါ်အေးသန်းက အမိန့်ချမှတ်ခဲ့သည်။

အင်းဝ အပ်ချုပ်ဆိုင်ရှင်၏ သားဖြစ်သူ တင်မင်းလတ်ကို လူကုန်ကူးမှု ပုဒ်မ၊ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု ပုဒ်မ၊ နာကျင်စေမှု ပုဒ်မ၊ မတရား တားဆီးပိတ်ပင်မှု ပုဒ်မတို့ဖြင့် ထောင်ဒဏ် ၉ နှစ် တစ်လ ကျခံစေရန် အမိန့်ချမှတ်ပြီး သမက်ဖြစ်သူ ရာဇာထွန်းကို ထောင်ဒဏ် ၁၃ နှစ် တစ်လ ကျခံစေရန် အမိနိ့ချမှတ်ခဲ့သည်။

၁၆ နှစ်အောက်အရွယ်ရှိ အိမ်အကူ မိန်းကလေး နှစ်ဦးကို နှိပ်စက်သည်ဟု စွပ်စွဲခံရမှုဖြင့် တစ်နှစ်ကျော်ကြာ ဖမ်းဆီးခံရသော အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဦးကိုလတ်နှင့် သမီးကြီးဖြစ်သူ မသီရိလတ်တို့မှာ ပြစ်မှုထင်ရှားကြောင်း မပေါ်ပေါက်သဖြင့် အမှုမှ ကွင်းလုံးကျွတ်လွှတ်ပေးခဲ့သည်။

အင်းဝအပ်ချုပ်ဆိုင်အမှုကို ၂၀၁၆ စက်တင်ဘာမှစတင်၍ စစ်ဆေးခဲ့ပြီး ယခုပြစ်ဒဏ်ကျခံရသူ လေးဦးကို ချုပ်ရက်များ ခံစားခွင့်နှင့် တိုင်းတရားလွှတ်တော်တွင် တစ်လအတွင်း အယူခံဝင်ခွင့်ရှိကြောင်း ခရိုင်တရားသူကြီး ဒေါ်အေးသန်းက ပြောသည်။

S-03

  • VIA