News

POST TYPE

LATEST NEWS POST

စက်စဲကမ်းခြေကို ပြည်နယ်အစိုးရ တိုက်ရိုက် စီမံခန့်ခွဲရန် လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း
15-Dec-2017 tagged as မော်လမြိုင်

မော်လမြိုင်၊ ဒီဇင်ဘာ ၁၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်စဲကမ်းခြေကို ပြည်နယ်အစိုးရအဖွဲ့မှ တိုက်ရိုက် စီမံခန့်ခွဲရန်လိုအပ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြည်နယ်အစိုးရအဖွဲ့ကို တိုက်တွန်းလိုက်သည်။

စက်စဲကမ်းခြေ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းနေသည့်ကိစ္စနှင့်ပတ်သက်ပြီး မွန်ပြည်နယ်လွှတ်တော် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီ၏ ကွင်းဆင်းစိစစ် တွေ့ရှိထားသည့် အခြေအနေကို ဒီဇင်ဘာ ၁၁ ရက်နေ့ ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေးတွင် အစီရင်ခံ တင်ပြခဲ့သည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြပြီး အစိုးရကို ထိုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် ဧပြီလနောက်ပိုင်းတွင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်သည့် စက်စဲကမ်းခြေ သာယာလှပရေး စည်းကမ်းကြီးကြပ်ရေး ကော်တီ ဖွဲ့စည်းခဲ့ပြီး အမှိုက်ကိစ္စ၊ ကမ်းခြေက ဈေးဆိုင်ကိစ္စများ ဖြေရှင်းနိုင်မှု ရှိခဲ့သော်လည်း ရေစီး ရေလာ ကောင်းမွန်စေရေး၊ မြေပိုင်ဆိုင်မှု၊ စက်စဲ၏ စီးပွားရေးလုပ်ငန်း ရာခိုင်နှုန်းတစ်ဝက်ကျော်ကို လုပ်ကိုင်နေသည့် လုပ်ငန်းရှင် ဦးပါစိန်နှင့် ပတ်သက်သည့်ကိစ္စ အစရှိသည့် အစီရင်ခံစာပါ အသေးစိတ် အချက်အလက်များ ပိုမိုအကောင်အထည်ဖော်နိုင်ရန် ယင်းသို့တိုက်တွန်းခြင်းဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ပြောသည်။

“စက်စဲကျေးရွာ အုပ်ချုပ်ရေးမှူးသည် လုပ်ငန်းရှင် ဖြစ်နေတယ်၊ စက်စဲတစ်ခုလုံးရဲ့ စီးပွားရေးလုပ်ငန်း ရာခိုင်နှုန်း တစ်ဝက်ကျော်လောက်က သူပဲ လုပ်နေတယ်၊ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌကလည်း သူပဲ”ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့သော အနေအထားကြောင့် အထိန်းအထေလုပ်ရခက်နေပြီး နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်များက ညှိနှိုင်းသော်လည်း ထိရောက်မှု မရှိဟု ပြောသည်။

ယခင်အစိုးရလက်ထက်က ပြည်နယ်အစိုးရ၊ မြို့နယ်အုပ်ချုပ်ရေးနှင့် မြို့နယ် စည်ပင်သာယာရေးတို့၏ ကြီးကြပ်မှုဖြင့် စက်စဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းခဲ့သော်လည်း အသက်မဝင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“တကယ်တမ်း ထိန်းချုပ်သင့်တာ စီမံခန့်ခွဲသင့်တာ ပြည်နယ် အစိုးရပါပဲ”ဟု သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

အစီရင်ခံစာတွင် စက်စဲကမ်းခြေတွင် အမှိုက်သိမ်းဆည်းမှု မရှိ၊ ရေစီးရေလာအတွက် ရေမြောင်းနှင့် ရေမြောင်းစနစ်မရှိဟု ဖော်ပြထားသည့်အပြင် ဦးပါစိန် လုပ်ကိုင်နေသည့် ဧည့်ရိပ်သာ၏ သန့်ရှင်းမှု အားနည်းသည့်ကိစ္စလည်း ပါဝင်သည်။

ဦးပါစိန်ကမူ ၎င်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ စိစစ်တင်ပြချက်များတွင် အချို့မှာ ကွဲလွဲမှုရှိနေသည်ဟု ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြောသည်။

ကမ်းခြေရှိ လုပ်ငန်းတစ်ခုအား ၎င်း၏ အမျိုးသမီးအမည်ဖြင့် လုပ်နေသည် ဟူသည့်အချက်မှာ မဟုတ်မှန်ကြောင်းနှင့် ဌာနဆိုင်ရာ ၄ ခုမှ လုပ်ငန်းများကို ငှားရမ်း လုပ်ကိုင်ထားသည့် လုပ်ငန်းများကို လွန်ခဲ့သည့် အနှစ် ၂၀ ၊ ၁၅ နှစ်ဝန်းကျင်ကတည်းက စလုပ်ကိုင်လာကာ ပုံမှန် ငွေပေးသွင်းကာ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ကိုင်နေသည်ဟု ပြောသည်။

“ကျွန်တော့်အနေနဲ့က လက်ရှိအနေအထားမှာ ကျွန်တော့်အပိုင်းရော စက်စဲကမ်းခြေ သာယာလှပရေး အပိုင်းမှာရော တတ်နိုင်တဲ့ အနေအထားနဲ့ နောက်တခါ ကျွန်တော် လုပ်ဆောင်တဲ့အပိုင်းမှာလဲ မူဘောင်စည်းကမ်းနဲ့ ခေတ်နဲ့အညီ လုပ်ဆောင်နေတယ်လို့ပဲ ပြောချင်တယ်၊ ကျန်တဲ့ဟာတွေတော့ ကိုယ်စားလှယ်တွေ တင်တာကိုတော့ ကျွန်တော် မသိပါဘူး”ဟု ဦးပါစိန်က ဆိုသည်။

အစီရင်ခံတွင် စက်စဲကမ်းခြေ စီမံခန့်ခွဲမှုသည် အသက်မဝင်ကြောင်း၊ ကမ်းခြေရှိ ပျံကျဈေး ရောင်းသူများကို ထိန်းချုပ်ရန် အစိုးရမှ ဒေသန္တရ အမိန့်ထုတ်ပြန်သင့်ကြောင့်လည်း ဖော်ပြပါရှိသည်။

မွန်ပြည်နယ်လွှတ်တော် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီ၏ စဲစက်ကမ်းခြေ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းနေမှု ကိစ္စနှင့်ပတ်သက်သည့် အစီရင်ခံကို လွှတ်တော်တွင် မှတ်တမ်းတင်ထားပြီး အစီရင်ခံစာပါ တွေ့ရှိချက် သုံးသပ်ချက် အကြံပြုချက်များ ဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော်မှ ပြည်နယ်အစိုးရသို့ ပေးပို့သွားမည် ဖြစ်သည်။

Dawei Watch