News

POST TYPE

LATEST NEWS POST

ဖားကန့်ရဲစခန်းအနီး ပေါက်ကွဲမှု သုံးကြိမ်ဖြစ်
14-Dec-2017

မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၄

ဖားကန့်မြို့မရဲစခန်းအနီးတစ်ဝိုက်ရှိ လမ်းဘေးနေရာသုံးနေရာ၌ ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၁၁ နာရီကျော်က ပေါက်ကွဲမှု သုံးကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း ဖားကန့်မြို့နယ် မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးချို (ခ) ခင်မောင်မြင့်က ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှုသည် ဖားကန့် မြို့မရဲစခန်းမှ သုံးဖာလုံခန့် အကွာနေရာ တစ်နေရာ၊ မြို့မရဲစခန်းမှ အရှေ့ဘက် သုံးဖာလုံအကွာတစ်နေရာနှင့် ရဲစခန်းမှ တောင်ဘက်ရှိ တစ်နေရာတွင် သုံးကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက် ဆုံးရှုံးမှုမရှိကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး 
လွင်မောင်သိန်းက ပြောကြားသည်။

“အသံမိုင်း ပေါက်ကွဲမှုဖြစ်တယ်။ လူနှင့် တိရစ္ဆာန်ထိခိုက်တာ မရှိဘူး။ အခု လုံခြုံရေးလည်း အသင့် စောင့်ကြပ်ပြီးတော့ ဆောင်ရွက်နေတယ်”ဟု ရဲမှူးကြီးကဆိုသည်။

လက်ရှိ ဖားကန့်ဒေသတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဦးလအောင်၊ လီဆူ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီး ဦးအားတီယောဟန်နှင့် ဗမာတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီး ဦးဒိတ် (ခ) ခင်မောင်မြင့်တို့က ကုမ္ပဏီလုပ်ကွက်များ စစ်ဆေးခြင်းနှင့် လူထုတွေ့ဆုံပွဲများ ပြုလုပ်နေသည်။

R-06

  • VIA