News

POST TYPE

LATEST NEWS POST

အောင်မင်္ဂလာ အဝေးပြေးရှိ လူခေါ်ပွဲစားများကို ဒီဇင်ဘာလကုန်တွင် ရှင်းလင်းမည်
14-Dec-2017 tagged as အဝေးပြေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ပြည်နယ်နှင့် တိုင်းအနှံ့သို့ ယာဉ်လိုင်း ၂၅၀ နီးပါးဖြင့် နေ့စဉ်ချိတ်ဆက် ပြေးဆွဲနေသည့် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းရှိ စည်းကမ်းမဲ့ လူခေါ်ပွဲစားများကို ဒီဇင်ဘာလကုန်တွင် ရှင်းလင်းရန် စီစဉ်နေကြောင်း မြောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနထံမှ သိရသည်။

အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်းသို့ နေ့စဉ် ဝင်/ထွက်နေသည့် ခရီးသည်ဦးရေ တစ်သိန်းခန့်ရှိပြီး လူခေါ်ပွဲစားအလုပ်ကို လုပ်ကိုင်စားသောက်နေသည့် အမျိုးသား/အမျိုးသမီး ၂၀ဝ ကျော်ခန့်က ခရီးသွားပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်ပေါ်စေသည့် လုယက်ခေါ်ဆောင်မှုများကြောင့် ဒီဇင်ဘာလကုန်တွင် ရှင်းလင်းရန် စီစဉ်ရခြင်းဖြစ်ကြောင်း မြောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ညဥ့်နက်ပိုင်းတွေမှာ လူခေါ်ပွဲစားလိုလိုနဲ့ လုယက်တာတွေ များလာတယ်။ အငှားယာဉ်သမားတွေကလည်း ကိုယ်တိုင် လူဆင်းမခေါ်တော့ဘဲ လူခေါ်ပွဲစားနဲ့ ခရီးသည် ရှာတယ်။ အဓိကတော့ မှုခင်း ကြိုတားဆီးရေးအတွက်လည်း ပါသလို ခရီးသည် စိတ်အနှောင့်အယှက် မဖြစ်ဖို့ စီစဉ်တာပါ”ဟု ၎င်းကဆိုသည်။

လူခေါ်ပွဲစားများကို နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၃ နာရီ သုံးကြိမ်ခွဲ၍ စစ်ဆေးစောင့်ကြည့် ရှင်းလင်းရန် စီစဉ်ထားပြီး ညပိုင်းကို နယ်မြေခံရဲတပ်ဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ရဲတပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်း၊ အရပ်ဘက် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“လူခေါ် ပွဲစားမှန်သမျှ ရှင်းလင်းသွားမယ်။ ဒီအပေါ်မှာ စည်းကမ်းဖောက်ဖျက်တာမျိုးတွေ့ရှိရင် ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်မယ်”ဟု ၎င်းကဆိုသည်။

ထို့အပြင် အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းများကလည်း လူခေါ်ပွဲစားနှင့် ချိတ်ဆက်၍ ခရီးသည် ရရှိရေးအတွက် အပြိုင်လုယက် ခေါ်ဆောင်ခိုင်းခြင်းကို လုံးဝ မပြုလုပ်ရန် အဝေးပြေးယာဉ်လိုင်း တာဝန်ရှိသူများကို သတိပေး တားမြစ်ထားပြီဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အဆိုပါ အဝေးပြေးဝင်းအတွင်း ယခုနှစ် မတ်လ ၁၉ ရက်က ခရီးသည်များ လုယက်ခေါ်ဆောင်နေသူ အမျိုးသား ၁၅ ဦးကို တွေ့ရှိခဲ့ခြင်းကြောင့် ခရီးသွား ပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်စေမည့် ပြဿနာများ လျော့ပါးစေရန် ခေါ်ယူထိန်းသိမ်း၍ ခံဝန်ရေးထိုးကာ သတိပေးခဲ့ဖူးကြောင်း မင်္ဂလာဒုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

အလားတူ အောင်မင်္ဂလာ အဝေးပြေးဝင်းဧရိယာ၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေအရ ချမှတ်ထားသော စည်းကမ်းချက်ကို ဖောက်ဖျက်၍ မောင်းနှင်သည့် ဆိုင်ကယ်အစီး ၅၀ ခန့်ကို ယခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအတွင်း ဖမ်းဆီး အရေးယူထားကြောင်း မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

J-17