News

POST TYPE

LATEST NEWS POST

မြန်မာနိုင်ငံ ခရီးသွားကဏ္ဍ ညီလာခံ ပထမဆုံးအကြိမ် ကျင်းပမည်
14-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

မြန်မာနိုင်ငံ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို အကြံပြု ဆွေးနွေးမည့် ခရီးသွားလုပ်ငန်းဆိုင်ရာ ညီလာခံ (Myanmar Tourism Conference) ကို ပထမဆုံးအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

“ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့သူတွေ အားလုံး ဒီညီလာခံမှာပါနိုင်အောင် ခေါင်းစဉ်ကအစ သေချာစဉ်းစားပြီး ဆောင်ရွက်နေတာပါ။ အဲ့ပွဲကြီးပြီးရင် Tourism အများကြီး ပြောင်းလဲ တိုးတက်လာမယ်လို့ ခရီးသွားလုပ်ငန်းကဏ္ဍက လူတွေက အထူးတလည် မျှော်လင့်ထားကြပါတယ်”ဟု အဆိုပါအသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်သင်းသင်းအောင်က ဆိုသည်။

အဆိုပါ ညီလာခံတွင် ခရီးသွားလုပ်ငန်းများအတွက် SME ချေးငွေကဏ္ဍ၊ အခွန်ငွေ၊ ခရီးစဉ်ဒေသများ စီမံခန့်ခွဲမှု (Destination Management)၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍ (HR) အဏ္ဏဝါခရီးသွားလုပ်ငန်း (Marine Tourism) စသော ကဏ္ဍပေါင်းစုံမှ ပါဝင်သည့်စာတမ်းတစ်ခုကိုလည်း တင်ပြဆွေးနွေးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

နေပြည်တော်တွင် ကျင်းပမည့် ခရီးသွားကဏ္ဍ ထိပ်သီးညီလာခံကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန နှင့်ဆက်စပ်သည့် ဝန်ကြီးဌာနများအပြင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် အောက်ရှိ ညီနောင် ၁၁ သင်း၊ ခရီးသွား ကဏ္ဍမှ လုပ်ငန်းရှင်များ အားလုံး ပူးပေါင်းပါဝင်နိုင်ရန် စီစဉ်နေကြောင်း ဒေါ်သင်းသင်းအောင်က ဆက်လက် ရှင်းပြသည်။

“ညီလာခံမှာ ခရီးသွားကဏ္ဍအတွက် တကယ် ပြင်ဆင်ဆောင်ရွက်သင့်တဲ့အချက်တွေကို အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ထားတယ်”ဟု ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ဦးရေ၂၀၁၆ ခုနှစ်အတွင်း၂ ဒသမ ၉ သန်း ကျော်ဝင်ရောက်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီ လမှအောက်တိုဘာလကုန်အထိ ကမ္ဘာလှည့် ခရီးသည်ဦးရေ ၂ ဒသမ ၈၁ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာ နည်းနေသေးကြောင်း ခရီးသွား လုပ်ငန်းရှင်များထံမှ သိရသည်။ 

J-14

  • VIA