News

POST TYPE

LATEST NEWS POST

ထရမ့်ထောက်ခံပေးသော ရီပတ်ဘလစ်ကန်အမတ်လောင်း ရွိုင်မိုးရ် အရေးနိမ့်
14-Dec-2017 tagged as အမေရိကန်


ဝါရှင်တန်၊ ဒီဇင်ဘာ ၁၂

အမေရိကန် အထက်လွှတ်တော် အလာဘားမားပြည်နယ် အထက်လွှတ်တော်အမတ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ ဒေါက်ဂျုံးစ်က ရီပတ်ဘလစ်ကန်ပါတီမှ ရွိုင်မိုးရ်ကို အနိုင်ရခဲ့ပြီး ၂၅ နှစ်အတွင်း အလာဘာမားအထက် လွှတ်တော်အမတ်နေရာ ပထမဆုံး အနိုင်ရသည့် ဒီမိုကရက်ကိုယ်စားလှယ်လောင်း ဖြစ်လာခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

လိင်အလွဲလုပ်ခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် အနိုင်ရရန် မရေမရာ ဖြစ်သွားသောမိုးရ်ကို သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင် ထောက်ခံ မဲဆွယ်ပေးခဲ့သော်လည်း အရာထင်မလာခဲ့ပေ။ 

ဂျက်ဖ်ဆက်ရှင်စ်က အမေရိကန် ရှေ့နေချုပ် တာဝန် ယူလိုက်သောကြောင့် လစ်လပ်သွားသော အမတ်နေရာကို ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။ 

ယခုတစ်နေရာကို ဒီမိုကရက်တစ်တို့ ရလိုက်သည့်အတွက် အထက်လွှတ်တော်တွင် ရီပတ်ဘလစ်ကန်တို့မှာ ၅၁ ယောက် - ၄၉ ယောက်ဖြင့် အသာစီးရမှု ကျဉ်းမြောင်းသွားခဲ့သည်။ 

အလာဘားမားပြည်နယ်သည် ပုံမှန်အားဖြင့် ရီပတ်ဘလစ်ကန်နယ်ဟု ဆိုနိုင်သော်လည်း မိုးရ်သည် ရွေးကောက်ပွဲ နီးသောအချိန်တွင်မှ ဆယ်ကျော်သက်အရွယ် မိန်းကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခဲ့ကြောင်း စွပ်စွဲမှုများနှင့် ဆက်တိုက် ကြုံတွေ့ခဲ့ရပြီး အရေးမလှ ဖြစ်သွားရခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ ညတွင်ပင် မဲ ၉၉ ရာခိုင်နှုန်း ရေတွက်ပြီးစီးခဲ့သော်လည်း ရွိုင်မိုးရ်က ရှုံးနိမ့်ကြောင်းချက်ချင်း ဝန်ခံရန် ငြင်းဆန်ခဲ့သည်။

မီဒီယာများ၏ တွက်ချက်မှုအရ အနိုင်ရရန် သေချာသွားသော ဒေါက်ဂျုံးစ်ကို သမ္မတထရမ့်က ဂုဏ်ပြုစကားဆိုခဲ့ပြီး ယင်းအမတ်နေရာကို ရီပတ်ဘလစ်ကန်တို့  မကြာမီ ပြန်ရမည်သာ ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။

မိုးရ်၏မဲဆွယ်အဖွဲ့ ဥက္ကဋ္ဌ ဘီလ်အမ်း မီးစတက်ကမူ မီဒီယာများက ဂျုံးစ်နိုင်သည်ဟုဆိုသော်လည်း တရားဝင်ရလဒ် ထွက်မလာမီ ပြောရန် စောနေသေးကြောင်း၊ မဲအရေအတွက်မှာ သိပ်မကွာကြောင်း ပြောကြားခဲ့သည်။

ဂျုံးစ်သည် ၁၉၆၃ ခုနှစ်က ဘာမင်ဂမ် (အမေရိကန် အလာဘားမားပြည်နယ်မှ ဘာမင်ဂမ်မြို့၊ ဗြိတိန်မှ ဘာမင်ဂမ်မဟုတ်) တွင် လူမည်း ချာ့ခ်ျကျောင်းကို ဗုံးခွဲခဲ့သော ကူကလက်ကလန် ဂိုဏ်းသား နှစ်ဦးဘက်မှ လိုက်ပါ လျှောက်လဲပေးခဲ့ခြင်းအတွက် ထင်ရှားသော ရှေ့နေတစ်ဦးဖြစ်သည်။

မိုးရ်မှာ သဘောထား ပြင်းထန်သည့် ကွန်ဆာဗေးတစ် တစ်ဦးဖြစ်ပြီး ပြည်နယ် တရားရုံးချုပ်မှ နှစ်ကြိမ်တိုင် ဖယ်ရှားခံရသူဖြစ်ကာ လိင်တူလက်ထပ်မှုကို တရားဝင် သတ်မှတ်ရန် မသင့်ဟု ယူဆသူဖြစ်သည်။ ပြည်နယ် အခြေခံဥပဒေမှ လူဖြူ လူမည်း ခွဲခြားသည့် အသုံးအနှုန်းများ ဖယ်ရှားရေးကိုလည်း ဆန့်ကျင်သူဖြစ်သည်။

F-03