News

POST TYPE

LATEST NEWS POST

မြန်မာနိုင်ငံသား တစ်သောင်းကျော်ကို တရုတ်ပြန်လည်လွှဲပြောင်း
14-Dec-2017 tagged as မြန်မာ တရုတ်


မူဆယ်၊ ဒီဇင်ဘာ ၁၃ 

အကြောင်းအမျိုးမျိုးဖြင့် တရုတ်နိုင်ငံတွင် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကျခံရသည့် မြန်မာနိုင်ငံသားများကို ရွှေလီရဲတပ်ဖွဲ့က ပြန်လည်လွှဲပြောင်းပေးရာတွင် ၂၀၁၆ ခုနှစ် ဇွန်လမှစ၍ ယခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံသား ၁၀၄၃၀ ဦးကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း မူဆယ်မြို့ရှိ၊ လူဝင်မှု ကြီးကြပ်ရေးဌာနခွဲ အမှတ် ၇ မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်စိန်က ပြောကြားသည်။

အဆိုပါ လွှဲပြောင်းပေးခဲ့သည့် မြန်မာနိုင်ငံသား ၁၀၄၃၀ ဦးကို မူဆယ်မြို့ရှိ ရွှေနန်းတော်ဝင် ထွက်ပေါက်နှင့် ချင်းရွှေဟော်မြို့ရှိ ရန်လုံကျိုင်း ဝင်ထွက်ပေါက်များမှ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေက တရုတ်နိုင်ငံတွင် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၆၀ ကိုလည်း တရုတ်ဘက်က ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း လူဝင်မှု ကြီးကြပ်ရေးဌာနထံမှ သိရသည်။ 

တရုတ်နိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသားများကို အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးနိုင်ရေးအတွက် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်စိန်က ဆက်လက် ပြောဆိုသည်။

အဆိုပါ လွှဲပြောင်းခဲ့သည့် မြန်မာနိုင်ငံသား ၁၀၄၃၀ ဦးမှာ အမျိုးသား ၇၁၄၂ ဦးနှင့် အမျိုးသမီး ၂၀၉၇ ဦးတို့ဖြစ်ပြီး တရုတ်နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်မည့် သူများဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ရွှေလီမြို့အတွင်း ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို တရုတ်နိုင်ငံဘက်မှ နယ်စပ် ဖြတ်ကျော်ခွင့် သက်တမ်းရှိစာအုပ်၊ တရုတ်နိုင်ငံအတွင်း နေထိုင်ရန် လက်မှတ်၊ အလုပ်သမား မှတ်ပုံတင်၊ အလုပ်ရှင်၏ သဘောတူညီချက်၊ ကျန်းမာရေး စစ်ဆေးချက်အပြင် မူးယစ်ဆေးဝါး သုံးစွဲထားခြင်းရှိ မရှိကို ရွှေလီရဲတပ်ဖွဲ့က စစ်ဆေးခဲ့ပြီး လိုအပ်သော စာရွက်စာတမ်း မပြည့်စုံသူများနှင့်  မူးယစ်ဆေးဝါး သုံးစွဲသူများကို ဖမ်းဆီးထောင်ချခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။ 

“ရွှေလီရောက်တဲ့နေ့မှာပဲ တရုတ်ရဲက စစ်ဆေးတာခံရတယ်။ ကျွန်တော်တို့က ဘာစာရွက်စာတမ်းမှ မပါလို့ ဖမ်းလိုက်တာပါပဲ”ဟု ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေက တရုတ်နိုင်ငံ ရွှေလီရဲတပ်ဖွဲ့မှ ပြန်လွှဲပေးခဲ့သူ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်မှ ဒေသခံတစ်ဦးက ဆိုသည်။ 

R-07