News

POST TYPE

LATEST NEWS POST

ပင်လုံညီလာခံ ကြိုတင်ပြင်ဆင်ရေး အပစ်ရပ်လက်နက်ကိုင်များ အစည်းအဝေးလုပ်မည်
14-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံညီလာခံ) ကြိုတင်ပြင်ဆင်ရေးအတွက် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ အစည်းအဝေးကို ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ လက်နက်ကိုင်အဖွဲ့များထံမှ သိရသည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များပါဝင်မည့် ယင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ အပစ်ရပ်လက်မှတ်ထိုးထားသည့် အဖွဲ့များ၏ရုံးထံမှ သိရသည်။ အစည်းအဝေးသို့ အပစ်ရပ်အဖွဲ့ ရှစ်ဖွဲ့ပါဝင်သည့် လုပ်ငန်းကော်မတီငါးခု၏ ခေါင်းဆောင်အသီးသီးက ၎င်းတို့ပြင် ဆင်ထားသည့် သက်ဆိုင်ရာကအသီးသီးမှ စာတမ်းများကို ထိပ်သီးခေါင်းဆောင်များ ပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ထံသို့ တင်ပြ ဆွေးနွေးကြမည်ဖြစ်ကြောင်း NCA-S EAO ရုံးထံမှ သိရသည်။

ထို့ပြင် ယင်းအစည်းအဝေး၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့ (PPWT)၊ NCA-S EAO မှ ကဏ္ဍအလိုက်ပါဝင်သည့် လုပ်ငန်းကော်မတီဝင်တို့ တက်ရောက်ကြမည် ဖြစ်ကြောင်း အလုပ်အဖွဲ့တွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။

အစည်းအဝေးတွင် လာမည့်ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံညီလာခံတွင် တင်ပြမည့် ကဏ္ဍကြီးလေးခုဖြစ်သော နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍနှင့် လုံခြုံရေးကဏ္ဍတို့ကို အသေးစိတ် ပြန်လည်ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းထံက သိရသည်။

အစိုးရက ၂၁ ရာစု ပင်လုံညီလာခံကို လာမည့် ဇန်နဝါရီလနောက်ဆုံးပတ်တွင် ကျင်းပရန် ပြင်ဆင်နေပြီး အဆိုပါ ညီလာခံမတိုင်မီတွင်လည်း လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) ကို ရှမ်းပြည်နယ် လင်းခေးမြို့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။

တပ်မတော်နှင့် လုံခြုံရေးကဏ္ဍတွင် အလွတ်သဘောဆွေးနွေးရေးအတွက် NCA ထိုးထားသည့် အဖွဲ့များက ခြောက်ဦးပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့ကို ပြီးခဲ့သည့်ရက်ပိုင်းက ဖွဲ့စည်းထားကြောင်း အပစ်ရပ်ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားခဲ့သည်။

လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ကရင်အမျိုးသား အစည်းအရုံး (KNU)၊  ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) စသည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့ လက်မှတ်ရေးထိုးထားသည်။

J-08

  • VIA