News

POST TYPE

LATEST NEWS POST

သီလဝါစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း ၂၃၀ ထပ်ဝင်ရောက်
14-Dec-2017


ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ယခုဘဏ္ဍာနှစ် ရှစ်လအတွင်း သီလဝါအထူးစီးပွားရေးဇုန်သို့ ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၂၃၀ ကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

“ဒီနှစ်ထဲမှာ စက်မှုလုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေက ပိုပြီး ရင်းနှီးမြှုပ်နှံကြတယ်။ ဒီနှစ်ကတော့ အရင်ထက် ရင်းနှီးမြှုပ်နှံမှု ပိုဝင်လာတယ်”ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံလျက်ရှိသော လုပ်ငန်းများမှာ အထည်ချုပ်လုပ်ငန်း၊ သံမဏိအဆောက်အအုံ ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်း၊ ဘိလပ်မြေ စက်ရုံ၊ ဆောက်လုပ်ရေးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သော စက်ရုံများ၊ စားသောက်ကုန် စက်ရုံများ၊ ဓာတ်မြေဩဇာ ထုတ်လုပ်ခြင်း၊ လယ်ယာသုံး စက်ပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်းများအပါအဝင် လယ်ယာစိုက်ပျိုးရေး ဆက်စပ်လုပ်ငန်းများ၊ မော်တော်ယာဉ်တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ် အပိုပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်း ထုတ်လုပ်သည့် စက်ရုံတို့ဖြစ်ကြောင်း မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီလီမိတက် (MTSH) ထံမှ သိရသည်။

လက်ရှိအချိန်တွင် သီလဝါ အထူးစီးပွားရေးဇုန် (ဇုန်အေ) ၌ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံတကာမှ ကုမ္ပဏီများ၏ စက်ရုံ ၈၅ ခုအထိ ရင်းနှီးမြှုပ်နှံထားပြီး ယင်းစက်ရုံများထဲမှ ထက်ဝက်ခန့်သည် လုပ်ငန်းများ စတင်လည်ပတ်နေပြီ ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

J-13

  • VIA