News

POST TYPE

LATEST NEWS POST

အိန္ဒိယနိုင်ငံ တမီလ်နာဒူးတွင် ဇာတ်နိမ့်လူသတ်မှုကြောင့် ခြောက်ဦးကို သေဒဏ်ချမှတ်
14-Dec-2017 tagged as အိန္ဒိယ


ဒေလီ၊ ဒီဇင်ဘာ ၁၃

အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်တွင် မနှစ်က သိက္ခာဆယ်သတ်ဖြတ်မှုဟုဆိုကာ ဇာတ်နိမ့်အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့မှုအတွက် လူခြောက်ဦးကို သေဒဏ်ချမှတ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ယင်းဖြစ်ရပ်တွင် ဆန်ကာ ၂၂ နှစ်သည် နေ့ခင်းကြောင်တောင် လူရှုပ်သောလမ်းပေါ်တွင် ဓားဖြင့်ခုတ်သတ်ခံရခြင်း ဖြစ်သည်။ လမ်းသွားလမ်းလာများက ထိတ်လန့်တကြား ရပ်ကြည့်နေကြစဉ် တရားခံများက မော်တော်ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့သည်။

ဆန်ကာသည် ဟိန္ဒူဇာတ်မြင့်အလွှာမှ အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့သည့်အတွက် ထိုသို့ အသတ်ခံရခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း ၎င်း၏ ဇနီးဖြစ်သူလည်း ဒဏ်ရာရရှိခဲ့သည်ဟု ရဲများက ပြောကြားသည်။

အိန္ဒိယနိုင်ငံတွင် ဒါလစ်ဟုခေါ်သော အသိုင်းအဝိုင်းများသည် ဟိန္ဒူဓလေ့အရ ဇာတ်နိမ့်အလွှာ ဖြစ်သည်။

သေဒဏ်ချမှတ်ခံရသူများတွင် သတို့သမီး၏ ဖခင်ဖြစ်သူလည်းပါဝင်ပြီး ၎င်းကလည်း ကိုယ်တိုင် လာရောက်အဖမ်းခံကာ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သူ ဖြစ်သည်။

ယင်းအမှုတွင် စွဲချက်တင်ခံရသူ ၁၁ ဦး ရှိခဲ့သည်။ တရားခံခြောက်ဦးမှာ သေဒဏ်ချမှတ်ခြင်းခံရပြီး ကျန်ငါးဦးအနက် တစ်ဦးမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ နောက်တစ်ဦးမှာ ထောင်ဒဏ်ငါးနှစ် ချမှတ်ခြင်းခံရပြီး သတို့သမီး၏ မိခင်အပါအဝင် သုံးဦးမှာ အမှုမှတရားသေ လွတ်မြောက်သွားသည်။

အိန္ဒိယနိုင်ငံတွင် သိက္ခာဆယ်သတ်ဖြတ်မှု ကျူးလွန်သူများကို သေဒဏ်ချမှတ်မည်ဟု ဗဟိုတရားရုံးချုပ်က ၂၀၁၁ ခုနှစ်က အမိန့်ထုတ်ပြန်ထားပြီး ဖြစ်သည်။

အိန္ဒိယရုပ်သံလိုင်းများက ထုတ်လွှင့်ခဲ့သော စီစီတီဗီမှတ်တမ်းများတွင် တီရူပါခရိုင် အူဒူမာပက်မြို့ရှိ လူရှုပ်သောလမ်းပေါ်တွင် အဆိုပါ ဇနီးမောင်နှံ လမ်းလျှောက်လာစဉ် ဓားများ ကိုင်ဆောင်ထားသော လူသုံးဦးက ဝင်ရောက် တိုက်ခိုက်ခဲ့သည်ကို တွေ့မြင်ကြရသည်။

တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် အသက်မသေဘဲ ကျန်ခဲ့ပြီး သွေးစွန်းသော ပတ်တီးများဖြင့် ဆေးရုံခုတင်ပေါ်တွင် ထိုင်နေသော အမျိုးသမီး ကူဆယ်လ်ရာ၏ ဓာတ်ပုံမှာ အိန္ဒိယနိုင်ငံအနှံ့ ပျံ့သွားသည်။

F-04