News

POST TYPE

LATEST NEWS POST

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန်လာသော လက်ပံတောင်းတောင်ဒေသခံများ တားဆီးခံရ

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် ဝမ်ပေါင်ကုမ္ပဏီကြောင့် ဒေသခံများ၏နစ်နာမှုကိုတင်ပြရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် နေပြည်တော်သို့လာသော လက်ပံတောင်းတောင် ဒေသခံများ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အဝင်လမ်းရှိ လုံခြုံရေးဂိတ်တွင် တားဆီးခံရကြောင်း လက်ပံတောင်းတောင် အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီထံမှ သိရသည်။

ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသော ကြေးနီစီမံကိန်း နယ်မြေတွင် မြေသိမ်းခံ တောင်သူများမှာ လျော်ကြေးငွေကိစ္စ၊ မြေယာအစားထိုး မရသည့်ကိစ္စများအပြင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး အကြံပေး ကော်မရှင်၏ အစီရင်ခံစာအတိုင်း မလုပ်ဆောင်ပေးသည့်အပေါ် စာဖြင့်အသိပေးရန် လာရောက်ကြခြင်းဖြစ်သည်။

“အဓိကက ဝမ်ပေါင်ကုမ္ပဏီက ဒီမှာ အစီရင်ခံစာအတိုင်း လုပ်မယ်ဆိုပြီးမလုပ်တာကို အသိပေးချင်လို့ပါ။ ဒေသခံတွေမှာ အခုချိန်ထိ အစားထိုးမြေလည်း မရသေးဘူး။ မြေယာလျော်ကြေး မယူတဲ့လူတွေက နစ်နာကြေး တောင်းတာလည်း အခုချိန်ထိ မပြေလည်သေးဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း စုံခုံအစီရင်ခံစာအတိုင်း လက်ခံမယ်ဆိုတော့ အခုချိန်ထိ ဘာမှ မပြောင်းလဲသေးဘဲ ပိုဆိုးလာတာကို သိအောင်လို့ လာပြောတာ ဖြစ်ပါတယ်”ဟု လက်ပံတောင်းတောင် အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီဝင် ဒေါ်နော်အုံးလှက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်လာရောက်သူများမှာ လက်ပံတောင်းဒေသခံ ခုနစ်ဦး၊ လက်ပံတောင်းတောင် အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (ရန်ကုန်) မှ လေးဦးနှင့် သစ်ပင်ချစ်သူအဖွဲ့ကတစ်ဦးတို့ ပါဝင်ကြောင်း၊ ထိုသို့တားဆီးခံရသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရဘဲ တင်ပြလိုသောစာကိုသာ ရဲအရာရှိထံ ပေးအပ်ခဲ့ကြောင်း လက်ပံတောင်းတောင် ဒေသခံများထံမှ သိရသည်။ 

“တောသူတောင်သားဆိုတော့ လယ်ကိုပဲ လုပ်စားတတ်ပြီး ဘာမှမလုပ်စားတတ်တော့ အရဲစွန့်ပြီး ဒီကိုလာခဲ့ရတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမယ်ဆိုရင်တော့ ပြည်သူတွေ၊ တောသူတောင်သားတွေရဲ့ဒုက္ခတွေကို အမေစု သိအောင် ပြောချင်တာပါ။ အန်တီတို့မှာ ပညာလည်း မတတ်ပါဘူး။ စာမတတ် ပေမတတ် ဘာမှလုပ်မစားတတ်လို့ ဒုက္ခတွေ ရောက်နေလို့ လာရတာပါ”ဟု လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးရှိ တုံရွာမှ ဒေါ်သန်းမြင့်က ဆိုသည်။             

T.L