News

POST TYPE

LATEST NEWS POST

တိုက်ကြီးတွင် တိုင်းအစိုးရက ကျောင်းကား ပြေးဆွဲမည်
13-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

တိုက်ကြီး-ဥက္ကံ စသည်တို့မှ အနောက်ပိုင်းတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်သို့ စီးနင်းသည့် ကျောင်းသူ၊ ကျောင်းသားများ အဆင်ပြေရန် တိုင်းအစိုးရ၏ အစီအစဉ်ဖြင့် ကျောင်းကားပြေးဆွဲမည်ဖြစ်ကြောင်း တိုက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်-၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က ပြောကြားသည်။

တိုက်ကြီးမြို့မှ ပြေးဆွဲနေသော YBS ၅၅နှင့် ၃၇ ယာဉ်လိုင်း ယာဉ်မတော်တဆမှု ဖြစ်ပေါ်၍ တိုက်ကြီး-ဥက္ကံ-အဖျောက်မှ ပြေးဆွဲသော YBS ယာဉ်များသည် ပြည်လမ်းမှ မော်တင်အထိ ပြေးဆွဲခွင့် ရှိ၊ မရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးဖြစ်သော ဒီဇင်ဘာလ ၈ ရက်တွင် မေးမြန်းခဲ့သော ၎င်း၏မေးခွန်းအပေါ် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အထက်ပါအတိုင်း ပြောကြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၎င်းဝန်ကြီးက အစိုးရအဖွဲ့ရဲ့ ကျောင်းကားနဲ့ အစားထိုးပြေးဆွဲပေးမယ်လို့ ပြောတယ်။ ယာဉ်စီးရေ ဘယ်လောက်နဲ့ ဘယ်တော့ဆိုတာကိုတော့ မပြောပါဘူး” ဟု တိုက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်-၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က ဆိုသည်။

ကျောင်းကားအဖြစ် ပြေးဆွဲသောကုမ္ပဏီသည် လက်ရှိတွင် စီးပွားရေး တွက်ခြေကိုက်မှုမရှိသဖြင့် ဆက်လက်ပြေးဆွဲပေးနိုင်ခြင်း မရှိကြောင်း၊ ယင်းကြောင့် YRTA က ကုန်ကျစရိတ် ကျခံ၍ အစားထိုးပြေးဆွဲမည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်က ၎င်း၏ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၇ ရက်က YBS ၃၇ ယာဉ်လိုင်းနှင့် YBS ၅၅ ယာဉ်လိုင်း မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး နောက်ပိုင့်း YBS ၅၅ ယာဉ်လိုင်းကို ဖျက်သိမ်းကာ ဇူလိုင်လ ဒုတိယအပတ်က YBS ၉၀ ဖြင့် မြို့တွင်း ဝင်ခွင့်မပေးဘဲ ထောက်ကြန့်အထိသာ အစားထိုးပြေးဆွဲခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။

မှော်ဘီမှ ထောက်ကြန့်သို့သာ ပြေးဆွဲခွင့်ရှိသော YBS ၉၀ ယာဉ်လိုင်းအနေနှင့် မြို့တွင်း(သခင်မြပန်းခြံ)အထိ လမ်းကြောင်းတိုးချဲ့ ပြေးဆွဲခွင့်ပြုရန် ဩဂုတ်လ ၁၂ ရက်က တိုင်းအစိုးရအဖွဲ့ထံ စာတင်ထားကြောင်း အဆိုပါယာဉ်လိုင်းထံမှ သိရသည်။

လက်ရှိတွင် တိုက်ကြီးမှ အနောက်ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်သို့ စီးနင်းသည့် ကျောင်းသူ၊ကျောင်းသားများအတွက် အခက်အခဲများရှိနေပြီး ယခင်က ကုမ္ပဏီ ကျောင်းကား ခုနစ်စီးခန့်ဖြင့် ပြေးဆွဲခဲ့ကြောင်း ဦးတင်ရှိန်က ပြောကြားသည်။

YBS ၃၇၊ ၃၅ ယာဉ်လိုင်းအနေနှင့် ထောက်ကြန့်၊ တိုက်ကြီး၊ ဥက္ကံ၊ မြောင်းတကာ၊ မှော်ဘီနည်းပညာတက္ကသိုလ်၊ မှော်ဘီ၊ ခရေပင်လမ်းခွဲ၊ အောင်မင်္ဂလာအဝေးပြေး၊ သခင်မြပန်းခြံခရီးစဉ်ကို ပြေးဆွဲလျက်ရှိကြောင်း YRTA ထံမှ သိရသည်။ 

J-06

  • VIA