News

POST TYPE

LATEST NEWS POST

၆၆(ဃ) ပြင်ဆင်ချက်သည် အကျိုးသက်ရောက်မှုမရှိဟု ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနပြုရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်
11-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ 

ပြည်ထောင်စု လွှတ်တော်က  ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ကို ပြင်ဆင် ပြောင်းလဲပေးခဲ့သော်လည်း အကျိုးသက်ရောက်မှု မရှိကြောင်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနပြုရေးအဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြသည်။

ဒီဇင်ဘာလ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော အဆိုပါ အစီရင်ခံစာတွင် လွန်ခဲ့သော ၂ နှစ်တာ ကာလအတွင်း အာဏာရှိသူတို့က ယင်းဥပဒေကို လက်နက်သဖွယ် အသုံးချခဲ့ကြောင်း၊ ယင်းဥပဒေသည် လွတ်လပ်စွာ ငြင်းခုန်ထုတ်ဖော် ပြောဆိုခွင့်ကို ဖျက်ဆီးရန် အသုံးချခံနေရကြောင်း၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရပိုင်း တာဝန်ရှိသူများအနေနှင့် ယခုအထောက်အထားကို ကိုင်စွဲကာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ကို ရုပ်သိမ်းရေး ဆောင်ရွက်နိုင်ရန် အသုံးပြုမည်ဟု ဆက်သွယ်ရေးဆိုင်ရာ သုတေသနပြုရေးအဖွဲ့က မျှော်လင့်ပါကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

“ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို ထိပါးနေတဲ့ အချက်တွေအပေါ် ကိုယ်စားပြောပေးတဲ့ အဖွဲ့အစည်းအနေနဲ့ လက်ခံကြိုဆိုပါတယ်။ ဒါပေမယ့်လို့ ဥပဒေ ပြင်ဆင်ရေးနဲ့ ဖျက်သိမ်းရေးအတွက် လုံလောက်တဲ့ အချက်အလက်တွေမပါပဲ ဥပဒေ အသုံးပြုမှုအပေါ် ကန့်သတ်ထိန်းချုပ်ရေး အချက်အလက်တေကို ဇောင်းပေးပြောထားတာတော့ အားမရဘူး။ ဒါက နိုင်ငံရေးလှုပ်ရှားမှု တစ်ရပ်အဖြစ် မြင်ပါတယ်။ အမှန်တကယ် ပြင်ဆင်နိုင်ဖို့ဆိုရင် တိကျခိုင်လုံတဲ့ အထောက်အထားနဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတို့ကနေ တင်ပြဖို့လိုပါတယ်”ဟု ဥပဒေအကြံပေး ဦးခင်မောင်မြင့် ၎င်း၏အမြင်ကို သုံးသပ် ပြောကြားသည်။

ဥပဒေတစ်ရပ်အနေဖြင့် ရှိနေပါက ပြည်သူလူထုအနေနှင့် တရားစွဲဆိုနိုင်ကြောင်း၊ အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် တရားမစွဲဆိုရဟု သတ်မှတ်မရကြောင်း၊ မည်သူမဆို ဥပဒေရှိနေပါက တရားစွဲဆိုနိုင်သည့် အခွင့်အရေးရှိကြောင်း၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ၏ အားနည်းချက်မှာ ရဲအရေးပိုင်သည်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ ယင်းအစား ရဲအရေးမပိုင်သော ပုဒ်မအဖြစ် ပြောင်းလဲရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“အစိုးရနဲ့ လွှတ်တော်ကိုတော့ ပို့ဖို့ရှိတယ်။ ပြီးတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပို့ထားမယ်။ သူတို့အနေနဲ့ ဒီဥပဒေကို ကိုင်စွဲသုံးမယ်ဆိုရင် ဒီအချက်တွေကို သိဖို့ပါ။ ပြီးတော့ အစီရင်ခံစာကို အသုံးပြုပြီး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နိုင်အောင်ပါ” မောင်ဆောင်းခက ဆိုသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံရမှု ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအထိ တစ်နိုင်ငံလုံးတွင် တရားစွဲဆိုခံရသူပေါင်း ၁၀၆ မှုရှိပြီး ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်တွင် ၁၁ မှု၊ ယခု NLD အစိုးရလက်ထက်တွင် ၉၅ မှုဖြစ်ကြောင်း၊ ယင်းအမှုများတွင် တိုင်ကြားသူများမှာ ပြည်သူ့ဝန်ထမ်း အရာရှိမှ တိုင်ကြားမှု ၂၃ မှု၊ နိုင်ငံရေးပါတီနွယ်ခေါင်းဆောင်၊ အဖွဲ့ဝင်နှင့် ထောက်ခံသူများက တရားစွဲဆိုမှု ၂၁ မှု၊ တပ်မတော်က တရားစွဲဆိုမှု ၉ မှု၊ စီးပွားရေးနှင့် သက်ဆိုင်သူများက တရားစွဲဆိုမှု ၁၀ မှု၊ ဂျာနယ်လစ်က တရားစွဲဆိုမှု ၇ မှု၊ ဘာသာရေးနှင့် ပတ်သက်သူများက တရားစွဲဆိုမှု ၆ မှု၊ အနုပညာရပ်ဝန်းက တရားစွဲဆိုမှု ၃ မှု၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက တရားစွဲဆိုမှု ၂ မှုနှင့် အခြား ပြည်သူများက တရားစွဲဆိုမှု ၂၆ မှုရှိကြောင်း ယင်းအစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။

J-16

  • VIA