News

POST TYPE

LATEST NEWS POST

ကုန်သည်စက်မှုအသင်းချုပ်က မြန်မာ့စီးပွားရေးနှင့် ပတ်သက်သည့် အချက် ၁၇ ချက် အစိုးရထံ တင်ပြမည်
11-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ညီနောင်အသင်းများက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ပြုလုပ်သည့် ကုန်သည်စက်မှုအသင်းချုပ် ညီလာခံတွင် စီးပွားရေးတိုးတက်မှုဆိုင်ရာ အချက် ၁၇ ချက်ကို သဘောတူဆုံးဖြတ်ခဲ့ကြပြီး အစိုးရထံ အကြံပြုတင်ပြမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။ 

ယင်းညီလာခံသို့ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ် ၁၀ဝ ကျော် တက်ရောက်ခဲ့ကာ ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရတို့ မြန်မာ့ စီးပွားရေး တိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆုံးဖြတ်ချက် ၁၇ ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။ 

ကုန်သည်စက်မှုအသင်းချုပ် အကြံပေးပုဂ္ဂိုလ် ဒေါက်တာဦးမြင့်ကလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနှင့် ဆောင်ရွက်ပေးရန် အကြံပြုချက် ၄ ချက် တင်ပြခဲ့ပြီး အဆိုပါအကြံပြချက် ၄ ချက်နှင့် ကုန်သည်စက်မှုအသင်းချုပ် ညီလာခံ ဆုံးဖြတ်ချက် ၁၇ ချက်ကို အစိုးရအကြီးအကဲများထံ ပေးပို့တင်ပြမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။  

“စီးပွားရေး ဖွံ့ဖြိုးအောင်လို့ အစိုးရပိုင်းကတင်မဟုတ်ဘဲ ပုဂ္ဂလိကပိုင်းကလည်း လုပ်နိုင်တာတွေကို ညီလာခံက ဆွေးနွေးအတည်ပြုနိုင်ခဲ့တယ်။ ဒီအတည်ပြုချက်တွေကို ပုဂ္ဂလိကကဏ္ဍကို ပေါင်းစပ်ပြီး ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်သွားမယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။ 

ကုန်သည်စက်မှုအသင်းချုပ် ညီလာခံကို ၁၉၉၂ ခုနှစ်က တစ်ကြိမ် ကျင်းပခဲ့ပြီး ယခုတစ်ကြိမ်သည် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ 

ဆွေးနွေးဆုံးဖြတ်ခဲ့သည့်အချက် ၁၇ ချက်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် နီးကပ်စွာဆောင်ရွက်ရန်၊ ၂၀၁၈ သဘောတူညီချက်များဖြစ်သည့် One-Belt-One-Road (OBOR)နှင့် မြန်မာနိုင်ငံ၏ ပထဝီအနေအထားများကို အစိုးရက ထိရောက်စွာ အသုံးချအောင်တိုက်တွန်းရန်၊ ပြည်တွင်း၊ ပြည်ပ ချဲ့ထွင်ခြင်းမူဝါဒနှင့် လွတ်လပ်မျှတသည့် ကူးသန်းရောင်းဝယ်ရေးမူဝါဒကို ထောက်ခံရန်၊ အစိုးရက အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများ တိုးတက်မှုနှင့် Digital စီးပွားရေးပတ်ဝန်းကျင် ဖြစ်မြောက်ရေးတို့အတွက် ပံ့ပိုးကူညီပေးရေး တိုက်တွန်းရန် စသည့်အချက်များ ပါဝင်သည်။ 

ထို့ပြင် စီးပွားရေးကဏ္ဍတွင် လူငယ်များ၏ ဆန်းသစ်တီထွင်ခြင်းနှင့် ဖန်တီးခြင်းကို အားပေးရန်၊ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍပူးပေါင်း၍ ဘဏ္ဍာရေးကဏ္ဍ အဆင့်မြှင့်တင်ရန်၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများကို ထိရောက်စွာ အရေးယူရန်နှင့် စီးပွားရေးအကျိုးအတွက် တာဝန်သိ၊ တာဝန်ရှိသည့် ထိရောက်သော ဆွေးနွေးချက်များဖြစ်စေရန် စသည့် အချက်များကို အစိုးရထံ အကြံပြုတင်ပြမည်ဖြစ်ပြီး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်ထံမှ သိရသည်။ 

  • VIA