News

POST TYPE

LATEST NEWS POST

နျူကလီးယားဒုံးကျည်ဆိုင်ရာ သဘောတူညီချက်ကို အပြည့်အဝ လိုက်နာသည်ဟု ရုရှားပြောကြား
11-Dec-2017


မော်စကို၊ ဒီဇင်ဘာ ၁၀

နျူကလီးယားဒုံးကျည်ဆိုင်ရာ သဘောတူညီချက်ကို ရုရှားက ချိုးဖောက်နေသည်ဟု ဝါရှင်တန်က စွပ်စွဲလိုက်ပြီးနောက် တစ်ရက်အကြာတွင် မော်စကိုက ရုရှားသည် အမေရိကန်တို့နှင့် သဘောတူထားသော တာလတ်ပစ်ခရုစ်ဒုံးကျည်  ပိတ်ပင်သည့် စစ်အေးခေတ်စာချုပ်ကို အပြည့်အဝ လိုက်နာမှုရှိသည်ဟု စနေနေ့က ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

၁၉၈၇ တာလတ်ပစ် နျူကလီးယားဒုံးကျည်ဆိုင်ရာ သဘောတူညီချက်ကို ရုရှားက ချိုးဖောက်နေမှုအပေါ် တုံ့ပြန်သည့်အနေနှင့် အမေရိကန်သည် တာလတ်ပစ် ခရုစ်ဒုံးကျည်စနစ်သစ် အပါအဝင် စစ်ရေးနည်းစနစ်များကို စဉ်းစားနေသည်ဟု  အမေရိကန်အစိုးရက သောကြာနေ့တွင် ပြောကြားခဲ့သည်။

ယခု သတိပေးမှုသည် ကီလိုမီတာ ၅၀ဝ မှ ၅၅၀ဝ အတွင်း ပစ်ခတ်နိုင်သော ဒုံးကျည်များ စမ်းသပ်ခြင်း၊ ဖြန့်ကြက်ခြင်း ပိတ်ပင်သည့် စာချုပ်ကို ချိုးဖောက်ရာရောက်သည့် ၂၀၁၄ ခုနှစ်က ရုရှား၏ မြေပြင်ပစ် ခရုစ်ဒုံးကျည်များ ဖြန့်ကြက်မှုအပေါ် ထရမ့်အစိုးရ၏ ပထမဆုံး တုံ့ပြန်မှု ဖြစ်သည်။

အဆိုပါ စွပ်စွဲချက်များသည် အခြေအမြစ်မရှိဟု ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီယာကော့ဗ်က တုံ့ပြန်သည်။

“စာချုပ်ကို ချိုးဖောက်ကြောင်း သက်သေပြတဲ့ နည်းပညာဆိုင်ရာ၊ ပျံသန်းမှုစနစ်ဆိုင်ရာ အထောက်အထားတွေမရှိဘဲ စွပ်စွဲနေတာပါ။ ဒီကိစ္စက ရှိကို မရှိခဲ့ပါဘူး။ ရှင်းပါတယ်” ဟု ဆာဂျီယာကော့ဗ်က ပြောကြားသည်။

ယခင် မော်စကို၏ ကြေညာချက်များ အတိုင်းပင် ထပ်တူပြောကြားသူ ယာကော့ဗ်က ရုရှားနိုင်ငံသည် နျူကလီးယား ဒုံးကျည်ဆိုင်ရာ စာချုပ်ကို အပြည့်အဝ လိုက်နာမှုရှိကြောင်း၊ တင်းတင်းကျပ်ကျပ် လိုက်နာခဲ့ကြောင်းနှင့် ထိုသို့ ဆက်လုပ်သွားရန် ပြင်ဆင်ထားကြောင်း ရှင်းလင်း ပြောကြားသည်။

“သို့ပေမယ့် တစ်ဖက်က လိုက်နာမှု ပျက်ကွက်ရင်တော့ သမ္မတပူတင် ပြောထားသလိုပဲ တူညီတဲ့ တုံ့ပြန်မှုကို ပြုလုပ်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စအပေါ် စီးပွားရေး အရေးယူပိတ်ဆို့မှု ချမှတ်ဖွယ်ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနက သောကြာနေ့က ပြောကြားခဲ့သည်။

ဝါရှင်တန်သည် ရုရှားတို့၏ ၂၀၁၄ ခုနှစ် ကရိုင်းမီးယားကျွန်းဆွယ် ကျူးကျော်မှု၊ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးပွဲစွက်ဖက်မှုတို့နှင့် ပတ်သက်ပြီး ပူတင်နှင့်နီးစပ်သူများအပါအဝင် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် ရုရှားကုမ္ပဏီများကို အရေးယူပိတ်ဆို့မှုများ ချမှတ်ထားပြီး ဖြစ်သည်။

“ရုရှားကို အရေးယူပိတ်ဆို့မှုတွေနဲ့ ခြိမ်းခြောက်ဖို့ ကြိုးစားတာဟာ ရယ်စရာပါ။ ရုရှားအပေါ် စီးပွားရေးနဲ့စစ်ရေး ဖိအားပေးမှုတွေဟာ အလုပ်မဖြစ်ဘူးဆိုတာကို အမေရိကန် နိုင်ငံရေးသမားတွေနဲ့ သံတမန်တွေ နားလည်ဖို့ အချိန်တန်ပါပြီ” ဟု ယာကော့ဗ်က ပြောကြားသည်။

F-04

  • VIA