News

POST TYPE

LATEST NEWS POST

ဆန်စပါးအလေးချိန်နှင့် အချိန်အတွယ်များ အသစ်ပြန်လည်ရေးဆွဲမည်
11-Dec-2017 tagged as ဆန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ဆန်စပါး စံချိန်စံညွှန်း၊ အလေးချိန် အချိန်အတွယ်နှင့် အရည်အသွေးစံနှုန်းများကို အသစ်ပြန်လည် သတ်မှတ်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်အဖွဲ့ဝင်ဖြစ်သည့် နိုင်ငံတကာငွေရေးကြေးရေး ကော်ပိုရေးရှင်း (International Finance Corporation -IFC) နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

လက်ရှိတွင် ပြည်ပသို့ ဆန်တင်ပို့ ရောင်းချရာ၌ တန်ချိန်ဖြင့်သာ သတ်မှတ်ရောင်းချနေပြီး နိုင်ငံတကာတွင် ကီလိုဂရမ်ဖြင့်သာ သတ်မှတ်ချိန်တွယ်နေခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန်စပါး ချိန်တွယ်မှုများ ပြုလုပ်ရာ၌ ကီလိုဖြင့်သာ သတ်မှတ်ဆောင်ရွက်နိုင်ရန် ထည့်သွင်း ရေးဆွဲသွားမည် ဖြစ်ကြောင်၊ ပြည်တွင်းတွင် ဆန်စပါးချိန်တွယ်မှုများ ပြုလုပ်ရာ၌ အလေးတင်းတောင်းများဖြင့် တိတိကျကျ သတ်မှတ်မှုမရှိဘဲ ချိန်တွယ်နေကြကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက် အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။

“နိုင်ငံတကာမှာက ဆန်စပါးကို ကီလိုနဲ့ပဲ ချိန်တွယ်နေကြတာ။ မြန်မာနိုင်ငံက ရေးဆွဲထားတဲ့ ဆန်စပါးစံချိန် စံညွှန်းက ၁၉၉၂ ခုနှစ်ကတည်းက ပြည်တွင်းမှာ ဆန်စပါးချိန်တွယ်တာကို သတ်သတ်မှတ်မှတ်မရှိတော့ ပြည်ပကို ပြန်ရောင်းတဲ့အခါ အလေးချိန် ကွာတာတွေရှိတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကီလိုနဲ့ပဲ ချိန်တွယ်အောင် IFC နဲ့ ပူးပေါင်းအချိန်ယူပြီး အသင်းချုပ်အနေနဲ့ လုပ်သွားမှာပါ” ဟု ၎င်းက ရှင်းပြ ပြောဆိုသည်။

နားလည်မှုစာချွန်လွှာ မရေးထိုးမီ စံချိန်စံညွှန်းများ ရေးဆွဲနိုင်ရန်အတွက် IFC နှင့် Project Team တစ်ခုဖွဲ့စည်းကာ IFC မှ ကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်းရေးဆွဲသွားမည်ဖြစ်ပြီး အသစ်ပြန်လည်ရေးဆွဲပြီးပါက အတည်ပြု သတ်မှတ်နိုင်ရေးအတွက် အစိုးရနှင့်သက်ဆိုင်ရာ အဖွဲ့အစည်းများထံ ပြန်လည် တင်ပြမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။ 

ဒီဇင်ဘာလ ဒုတိယပတ်ကလည်း အချိန်အတွယ်များ ရေးဆွဲရေးနှင့် MoU လက်မှတ်ရေးထိုးရေးတို့အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တွင် IFC မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး MoU လက်မှတ်ရေးထိုးရေးအတွက် ဆွေးနွေးဆဲအဆင့်သာ ရှိသေးကြောင်း ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ 

မြန်မာနိုင်ငံ၏ ဆန်စပါး စံချိန်စံညွှန်း၊ အလေးချိန်၊ အချိန်အတွယ်နှင့် အရည်အသွေး စံနှုန်းများသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် မကိုက်ညီခြင်း၊ ပြည်ပနိုင်ငံများနှင့် အရောင်းအဝယ်ပြုလုပ်ရာ၌ အချိန်အတွယ် ကွဲလွဲမှုများဖြစ်ပေါ်ပြီး အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသောကြောင့် အသစ်ပြန်လည်ရေးဆွဲခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

J-11