News

POST TYPE

LATEST NEWS POST

SHENG HAI သင်္ဘောနစ်မြုပ်မှု မြန်မာသင်္ဘောသားသုံးဦး ရှာမတွေ့သေး
07-Dec-2017 tagged as မြန်မာ

ရန်ကုန်၊ ဒီဇင်ဘာ ၇

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မှ တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ် ရန်တိုင်သို့အသွား ဒီဇင်ဘာလ ၄ ရက်က နစ်မြုပ်ခဲ့သော SHENG HAI သင်္ဘောမှမြန်မာ သင်္ဘောသားသုံးဦးမှာ သုံးရက်ကြာသည်အထိ ပျောက်ဆုံးဆဲဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါသင်္ဘောသည် တန်ချိန် ၁၇၅၀ ရှိ ကုန်တင်သင်္ဘောဖြစ်ပြီး မြန်မာသင်္ဘောသား ၁၀ ဦး ပါဝင်ကာ တရုတ်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ရှန်ဒေါင်းပြည်နယ် ဝီဟိုင်းမြို့အနီး ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနညွှန် ကြားရေးမှူး ဦးတိုးမြင့်က ပြောကြား သည်။

“ကျွန်တော်တို့လည်း ရှာနေတယ်။ အွန်လိုင်းပေါ်မှာရှာတာ သင်္ဘောနာမည်၊ နံပါတ်တော့ တွေ့တယ်။ ဒီသင်္ဘောနဲ့ အထွက်လုပ်သွားတဲ့ ကုမ္ပဏီလည်း မရှိဘူး။ အဲဒီသင်္ဘောနာမည်ကလည်း ရေကြောင်းဦးစီးမှာ မှတ်ပုံတင်ထားတာ မရှိဘူး”ဟု ၎င်းကဆိုသည်။

နစ်မြုပ်ခဲ့သည့် ကုန်တင်သင်္ဘောသည် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မှ တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ် ရန်တိုင်သို့အသွား ဒီဇင်ဘာ ၄ ရက်၊ နံနက် ၉ နာရီက လေပြင်းတိုက်ခက်၍ နစ်မြုပ်ခဲ့ကြောင်း၊ တရုတ်ရေတပ်က နစ်မြုပ်ခဲ့သည့်သင်္ဘောမှ မြန်မာသင်္ဘောသား ခုနစ်ဦးကို ကယ်ဆယ်ခဲ့ပြီး သုံးဦး ပျောက်နေကြောင်း ဒီဇင်ဘာလ ၆ ရက်က ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

လက်ရှိတွင် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက သင်္ဘောသား စေလွှတ်ခွင့်ပြုထားသည့်ကုမ္ပဏီ ၁၆၀ ရှိပြီး မှတ်ပုံတင်ထားသည့် သင်္ဘောအမည်စာရင်း ၄၀ဝ၀ တွင် ယခုနစ်မြုပ်ခဲ့သော SHENG HAI အမည်ရှိ သင်္ဘောမပါဝင်ကြောင်း ဦးတိုးမြင့်က ပြောကြားသည်။

လက်ရှိ မြန်မာသင်္ဘောသား ဆယ်ဦးတွင် သုံးဦးပျောက်ဆုံးနေသည့်အတွက် ဌာနအနေနှင့် သင်္ဘောကုမ္ပဏီများကို ဆက်သွယ်မေးမြန်းလျက်ရှိကြောင်း၊ သင်္ဘောသား မိသားစုများအနေနှင့် သတင်းရရှိပါက ဌာနသို့ ဆက်သွယ် ပေးစေလိုကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

လွတ်လပ်သော ပင်လယ်ပျော် သင်္ဘောသားများ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်လင်းက “မြန်မာသင်္ဘောသားတွေပါတဲ့ သင်္ဘောနစ်တဲ့သတင်း ကြားတယ်။ ဒါပေမဲ့ ခုချိန်အထိ သတင်းအချက်အလက်တွေလည်း မရသေးဘူး။ မြန်မာပြည်က မိဘတွေဆီက တိုင်ကြားတာမျိုး၊ သတင်းပေးတာမျိုး ခုထိ မလာသေးဘူး”ဟုဆိုသည်။

J-18