News

POST TYPE

LATEST NEWS POST

ဆေးစွဲလူနာများ လူမှုရေးပြစ်ဒဏ် ကျခံရမည့်အစီအစဉ် လာမည့်နှစ်ဆန်းတွင် ကျင့်သုံးမည်
07-Dec-2017 tagged as မူးယစ်ဆေးဝါး

ရန်ကုန်၊ ဒီဇင်ဘာ ၇

ဆေးစွဲလူနာများကို လူမှုရေးပြစ်ဒဏ်ဖြင့် အစားထိုး အရေးယူမည့် အစီအစဉ်ကို ၂၀၁၈ နှစ်ဆန်းအတွင်း စတင်ကျင့်သုံးရန် ပြင်ဆင်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။

မူးယစ်ဆေးဝါး ဥပဒေ၏ ပြင်ဆင်ပြဋ္ဌာန်းချက်များကို ယခုနှစ် ဩဂုတ်လက အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့ပြီး ဖြစ်သော်လည်း ပြည်သူ့လွှတ်တော်၌ ယခုနှစ်ကုန်တွင် ထပ်မံ အဆုံးအဖြတ်ရယူ၍ အတည်ပြုမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“ဒီဇင်ဘာထဲမှာ အတည်ပြုနိုင်မှာပါ။ ဒီမူးယစ်ဥပဒေကြမ်းအတွက် ဝန်ကြီးဌာန သုံးခုနဲ့ လေးနှစ်ကျော်လောက် အချိန်ယူ ရေးဆွဲခဲ့ရတာပါ။ လာမယ့်နှစ်ဆန်းလောက်တော့ ဥပဒေ အသက်ဝင်မယ်”ဟု ၎င်းကဆိုသည်။

မူးယစ်ဆေးသုံးသူများကို ယခင်ဥပဒေအရ ထောင်ဒဏ် ၃ နှစ်နှင့် ၅ နှစ်အထိ ပြစ်ဒဏ်ပေးခဲ့ရာ၌ ယခုပြင်ဆင်ရေးဆွဲသော ဥပဒေကြမ်းတွင် လူမှုရေးပြစ်ဒဏ်အဖြစ် တစ်ရက်လျှင် ၂ နှာရီနှုန်း အနိမ့်ဆုံး ရက်ပေါင်း ၉၀ မှ အမြင့်ဆုံး ရက်ပေါင်း ၁၂၀ အထိ နေ့စဉ် အလုပ်လုပ်ရမည်ဖြစ်ပြီး အသက် ၁၆ နှစ်အောက် လူငယ်များကိုမူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနအောက်ရှိ လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်၍ ပြုပြင်ထိန်းသိမ်းရန် ပြဋ္ဌာန်းထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

“ဆေးဖြတ်ကုသရေး အစီအစဉ်တွေလည်း ကြိုတင် ပြင်ဆင်ပြီးပါပြီ။ လူမှုရေး ပြစ်ဒဏ်အနေနဲ့ မြို့နယ် အဆင့်တိုင်းက စည်ပင်လုပ်ငန်းတွေမှာ သတ်မှတ်ဝတ်စုံဝတ်ပြီးတော့ နေ့စဉ် ပုံမှန် လုပ်ရမယ်။ လုံးဝ ပျက်ကွက်ခွင့် မရှိဘူး။ ပျက်ကွက်ရင်တော့ အချိန်ကြာကြာ လုပ်ရမှာပေါ့”ဟု မူးယစ်ဥပဒေ မူကြမ်းရေးဆွဲစဉ် ပါဝင်ခဲ့သူ မူယစ်ဆေးစွဲ ရောဂါ၊ သုတေသန ပညာရှင်တစ်ဦးက ဆိုသည်။

ထို့အပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေတွင် မူးယစ်ဆေးဝါးကို ထုတ်လုပ်၍ ပြည်တွင်းနှင့် ပြည်ပသို့ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း ပြုလုပ်နေသူများကို ထောင်ဒဏ် ၁၀ နှစ်မှ နှစ်အကန့် အသတ်မရှိ ချမှတ်နိုင်သည့်အပြင် သေဒဏ်အထိ ပြစ်ဒဏ်ပေးရန် တိုးမြှင့်ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီး မူးယစ်သုံးစွဲ၍ ဆေးကုသမှု ခံယူရန် လိုအပ်သည့် ဆေးစွဲလူနာပေါင်း သုံးသိန်းခန့် ရှိသည့်အနက် ဆေးဝါးကုသမှုအနေဖြင့် လူနာ ကိုးဦးလျှင် တစ်ဦးနှုန်းသာ  ဆေးကုသမှုနှင့် ပြန်လည် ထူထောင်ရေး အခွင့်အလမ်း ရရှိခဲ့ကြောင်း ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (UNODC) က ထုတ်ပြန်ထားသည်။

လက်ရှိ ရေးဆွဲထားသော မူးယစ်ဥပဒေကြမ်းကို ပြည်ထဲရေး၊ ကျန်းမာရေးနှင့် လူကယ်/ပြန်ဝန်ကြီးဌာန သုံးခုက ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

J-17