News

POST TYPE

LATEST NEWS POST

ရော်ဘာစက်ရုံပြောင်းရွှေ့ရန် လွှတ်တော်တွင် အတည်ပြုထားသော်လည်း ပြောင်းရွှေ့ရန် မဖြစ်နိုင်ဟု မွန်ဝန်ကြီးချုပ်ပြော
05-Dec-2017 tagged as မော်လမြိုင်

မော်လမြိုင်၊ ဒီဇင်ဘာ ၎

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ရော်ဘာစက်ရုံများ ပြောင်းရွှေ့ပေးရန် အဆိုနှင့်ပတ်သက်၍ လွန်ခဲ့သည့် သတ္တမအကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေးတွင် အတည်ပြုထားသော်လည်း လက်တွေ့တွင် ပြောင်းရွှေ့ရန် မဖြစ်နိုင်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

“မွန်ပြည်နယ်ကထွက်ရှိတဲ့ ရော်ဘာ ၃၀ ရာခိုင်နှုန်းလောက်ကို ဝယ်ယူကာ ကြိတ်နေတဲ့စက်ရုံ ဖြစ်ပါတယ်၊ ဒီရော်ဘာစက်ရုံကိုပိတ်ပြီး အခြားတစ်နေရာကို ပြောင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဒီလုပ်ငန်းကို ပိတ်သိမ်းလိုက်မယ်ဆိုရင် မွန်ပြည်နယ်ရဲ့ အဓိက စီးပွားရေး လုပ်ငန်းကို တစ်ခဏနဲ့ ရပ်ဆိုင်းလိုက်တဲ့ အခြေအနေမျိုးကို ဖြစ်နေတယ်”ဟု ဝန်ကြီးချုပ် 
ဒေါက်တာအေးဇံက ပြောသည်။

စက်ရုံကို ပိတ်သိမ်းပြီး ပြောင်းရွှေ့မည်ထက် အခြားသော လမ်းကြောင်းကို စဉ်းစားသင့်ကြောင်း၊ လွှတ်တော်တွင် အတည်ပြုထားသည့် အဆိုအတိုင်း တခြားတစ်နေရာကို 
ပြောင်းရွှေ့သွားရင်လည်း ထိုနေရာတွင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးနိုင်ကြောင်း၊ စီးပွားရေး အနေအထားအရ ကျဆင်းသွားမည်ကို အစိုးရအနေနှင့် မလိုလားကြောင်း၊ စက်ရုံအနေနှင့် သဘာဝ ပတ်ဝန်းကျင် လေ့လာဆန်းစစ်ခြင်းဆိုင်ရာ အစီအစဉ်ကို တစ်လအတွင်း တင်ပြနိုင်ရန် ပြောဆိုထားပြီး ယင်းအချက်အလက်များကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။

မုဒုံမြို့နယ်ရှိ ရော်ဘာစက်ရုံ ပြောင်းရွှေ့ပေးရေး တိုက်တွန်းကြောင်း အဆိုနှင့်ပတ်သက်၍ အဆိုကိုအတည်ပြုခဲ့သော်လည်း ယခုလက်ရှိအချိန်တွင် စက်ရုံပြောင်းရွှေ့ခြင်း မရှိသည့်အပေါ် မုဒုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်က ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၏ အဋ္ဌမပုံမှန်အစည်းအဝေးတွင် ထပ်မံ၍ မေးခွန်းမေးမြန်းရာတွင် ဝန်ကြီးချုပ်က ထိုသို့ ဖြေကြားသည်။ 

“ဒီအဆိုကလည်း လွှတ်တော်မှာ အတည်ပြုထားပြီးသားပါ၊ အခု ဝန်ကြီးဖြေသွားတာက သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှု စည်းမျဉ်းလိုက်နာမှု မရှိမှသာလျှင် ပိတ်သိမ်းမယ်ဆိုရင် 
ဘယ်အချိန်ထိ စမ်းသပ်နေမှာလဲ၊ လက်ရှိမှာ ဒေသခံပြည်သူတွေ ခံစားနေရတဲ့ ဆိုးကျိုးတွေကို ဘယ်သူ တာဝန်ယူပေးနိုင်မှာလဲ၊ ပြည်သူကို မျက်နှာမူတဲ့အနေနှင့် ဒါကို ထည့်သွင်း စဉ်းစားစေလိုပါတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်က ပြောသည်။

ရော်ဘာစက်ရုံမှထွက်ရှိသည့် အနံ့အသက်များ၊ စွန့်ပစ်ရေများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်နေမှုကြောင့် ပတ်ဝန်းကျင်နေ ပြည်သူများနှင့် ခရီးသွားပြည်သူများအတွက် 
များစွာ ထိခိုက်မှုများ ဖြစ်စေသည့်အတွက် ရော်ဘာစက်ရုံကို ရပ်ကွက်နေပြည်သူများနှင့်ဝေးရာကို ပြောင်းရွှေ့ရန် အဆိုတင်ခဲ့ခြင်းဖြစ်သည်။ 

“စက်ရုံကိုဖယ်ရွှေ့ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး၊ လွှတ်တော်မှာ အတည်ပြုထားတာ မှန်ပါတယ်၊ စက်ရုံဆိုတာ ဒီအတိုင်း သယ်ရွှေ့လိုရတာ မဟုတ်ပါဘူး၊ ရင်းနှီးမြှုပ်နှံမှုလည်း အရမ်းများတယ်၊ ဝန်ကြီးချုပ်ကတော့ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်နိုင်အောင် EMP ကို ကျကျနနလုပ်ပါ၊ အဲဒါကိုလုပ်မယ်ဆိုရင် စက်ရုံကို လည်ပတ်ခွင့် ပေးမယ်လို့ပြောပါတယ်”ဟု ဖူးရှင်ရော်ဘာစက်ရုံမှ ရော်ဘာဝယ်ယူရေး မန်နေဂျာ ဦးသူရက ပြောသည်။

လက်ရှိတွင်  စက်ရုံအနေနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် အနံ့နှင့်ရေဆိုး စွန့်ပစ်မှုများနှင့်ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် 
ကုမ္ပဏီမှ စတင် လုပ်ဆောင်နေကြောင်း ယင်းကုမ္ပဏီမှ သိရသည်။
       
R-21