News

POST TYPE

LATEST NEWS POST

လွှတ်တော်ကိုယ်စားလှယ်က မြေယာအရေး ဆောင်ရွက်သူကို တရားစွဲမှု ဒေသခံများ မကျေနပ်
30-Nov-2017

မော်လမြိုင်၊ နိုဝင်ဘာ ၂၉

မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမ ကော့စိုင်ရပ်ကွက်နေ မြေယာအရေး ဆောင်ရွက်ပေးသော ဦးအောင်ဆန်းဦးကို ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ဆက်သွယ်ရေးပုဒ်မဖြင့် တရားစွဲဆိုထားမှုကို ရပ်ကွက်နေသူများ မကျေနပ်သဖြင့်  နိုဝင်ဘာလ ၂၈ ရက်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ 

ပေါင်မြို့နယ်ရှိ ဒေသခံများ၏ မြေယာအရေးတို့ကို ကူညီဆောင်ရွက်ပေးသူအား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆို ခံထားရသဖြင့် မကျေနပ်ကြောင်း မုတ္တမ ကျေးရွာ ကော့စိုင်ရပ်ကွက်မှ ရပ်ကွက်မှူး ဒေါ်အေးမြင့်က ပြောကြားသည်။

ဦးအောင်ဆန်းဦးက ယခုနှစ် ဇူလိုင် လကုန်ပိုင်းက ပေါင်မြို့နယ် အမှတ်(၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော စကားလုံးများကို လူမှုကွန်ရက်တွင် ရေးသားသည်ဟုဆိုကာ ယင်းလွှတ်တော်ကိုယ်စားလှယ်က ရဲစခန်းတွင် အမှုဖွင့်ခဲ့ရာ နိုဝင်ဘာလ ၂၃ ရက်က မြို့နယ်တရားရုံးမှ အမှုဖွင့်ခွင့်ပြုခဲ့သည်။ 

စားကျက်မြေကိစ္စ ဖြေရှင်းပေးရန် ယင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ကို ခေါ်သော်လည်း ၎င်းက အရှင်းမခံသဖြင့် လူမှုကွန်ရက် Facebook တွင် ရေးသားခဲ့ကြောင်း၊ ထိုသို့ရေးသားရာတွင် စားကျက်မြေတွင် နေထိုင်သော ဒေသတွင်းပြည်သူများကို ဖျက်သိမ်းရန် အမိန့်ချမှုအပေါ် ဖြေရှင်းပေးရန် အသိပေး အကြောင်းကြားခြင်းစာတွင် “အဆင့်အတန်း မရှိဘူး၊ အရက်သမား အရူးဘုံမြှောက်တော့ မလုပ်နဲ့” စသည့် စာသားများ ပါဝင်နေသည့်အပေါ် ဦးဇော်ဇော်ထူးက မကျေနပ်သည့်အတွက် တရားစွဲခြင်းဖြစ်ကြောင်း၊ လူမှုကွန်ရက်တွင် ရေးသားရာ၌ စိတ်ခံစားချက် ပြင်းထန်သွားခြင်းဖြစ်ကြောင်း အမှုဖွင့်ခံရသူ ဦးအောင်ဆန်းဦးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ခြင်းမဟုတ်ဘဲ  ရဲစခန်းက သင့်တော်သော ပုဒ်မ တပ်ပေးခြင်းဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များကို ဝေဖန်ထောက်ပြ ဆွေးနွေးနိုင်သော်လည်း စော်ကားမှုကို လက်မခံနိုင်ကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောသည်။ 

မွန်ပြည်နယ်တွင် လွှတ်တော် ကိုယ်စားလှယ်အနေနှင့် ပြည်သူတစ်ဦးကို ၆၆ (ဃ)ဖြင့် တရားစွဲခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။


  • VIA