News

POST TYPE

LATEST NEWS POST

NCA လက်မှတ်ရေးထိုးရေး မွန်ပြည်သစ်ပါတီ၏ အရေးပေါ် အစည်းအဝေးခေါ်
25-Nov-2017

မော်လမြိုင်၊ နိုဝင်ဘာ ၂၅

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် တစ်ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) လက်မှတ် ရေးထိုးနိုင်ရေးအတွက် ဗဟိုကော်မတီ၏ အရေးပေါ် အစည်းအဝေးကို နိုဝင်ဘာ ၂၄ ရက်နေ့မှ စတင်ကာ နိုဝင်ဘာလ ၂၆ ရက်အထိ ခေါ်ယူလျက်ရှိကြောင်း မွန်ပြည်သစ် ပါတီထံမှ သိရသည်။

အဆိုပါ အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးရေး ကိစ္စရပ်နှင့် ပတ်သက်၍ နည်းလမ်းများ ရရှိရန် ဆွေးနွေးခြင်းနှင့် ကြိုတင်ပြင်ဆင်ထားရှိရမည့် ရှေးလုပ်ငန်းစဉ်များ ချမှတ်နိုင်ရန်အတွက် ဆွေးနွေးမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကို ရေချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တွင် ပြုလုပ်နေကြောင်း၊ ထိုအစည်းအဝေးမှ ရရှိလာသည့် ဆုံးဖြတ်ချက်များကို UNFC တွင် တင်ပြပြီးမှသာလျှင် သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်နေသည့် ဗဟိုကော်မတီ အဖွဲ့ဝင်များထံမှ သိရသည်။

ထိုအရေးပေါ် အစည်းအဝေးကြောင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေး ဆွေးနွေးရေးအဖွဲ့ (DPN) နှင့် ပြည်ထောင်စု အစိုးရအဖွဲ့တို့ တွေ့ဆုံရန် သဘောတူထားသော်လည်း မိမိတို့သက်ဆိုင်ရာ ပါတီတို့မှ အထက်သို့ တင်ပြရန် အချက်များ ရှိနေသည့်အတွက် ထိုတွေ့ဆုံမှုကို ရက်ရွှေ့ထားရကြောင်း မွန်ပြည်သစ်ပါတီ၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

NCA လက်မှတ်ရေးထိုးရေး ကိစ္စရပ်နှင့်ပတ်သက်၍လည်း ယခု နိုဝင်ဘာလ ၈ ရက်က မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ်အစိုးရတို့၏ တွေ့ဆုံပွဲအပြီးတွင်လည်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးတွင် လက်မှတ် ရေးထိုးရေးကိစ္စ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဝင်းလှက ပြောဆိုထားသည်။

လက်ရှိ ပြုလုပ်လျက်ရှိသည့် မွန်ပြည်သစ်ပါတီ ဗဟို ကော်မတီ အရေးပေါ် အစည်းအဝေးတွင် ဗဟိုကော်မတီအဖွဲ့ဝင် ၃၈ ဦးအနက် ၃၂ ဦး တက်ရောက်လျက်ရှိသည်။

R- 21 

  • VIA