News

POST TYPE

LATEST NEWS POST

မြေယာသိမ်းဆည်းမှု ပြန်လည်စိစစ်ရေး လွှတ်တော်၏ ဆုံးဖြတ်ချက်လိုက်နာရန် အစိုးရကို လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
22-Nov-2017 tagged as နေပြည်တော်


နေပြည်တော်၊ နိုဝင်ဘာ၂၂

လယ်ယာမြေသိမ်းဆည်းမှုများအား ပြန်လည်စိစစ် ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် ဝန်ကြီးဌာနများ အနေဖြင့် လွှတ်တော်၏ ဆုံးဖြတ်ချက်များကို လိုက်နာရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

“ကျွန်တော်တို့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ၂ နှစ်ပြည့်တော့မယ်။ ဒီကိစ္စ ဆွေးနွေးနေတာ။ ဘယ်နှရာခိုင်နှုန်း ပြန်လည်ပေးပြီးလို့ ဘယ်နှရာခိုင်နှုန်း စွန့်လွှတ်ပြီးလို့၊ ဘယ်နှရာခိုင်နှုန်း စိစစ်ပြီးပြီလဲ တိတိကျကျ ဖြေဖို့တော့ နောင်ကို လိုပါလိမ့်မယ်။ ဒီဟာနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ပေးပါ”ဟု ၎င်းကဆိုသည်။

နိုဝင်ဘာ ၂၂ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်တင်သွင်း ထားသည့် “သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် လုပ်ပိုင်ခွင့် ခွင့်ပြုချက် အမျိုးမျိုးဖြင့် မြေလက်ဝါးကြီးအုပ် ရယူထားမှုများ၌ ကာလအတန်ကြာ လုပ်ကိုင်ခဲ့ကြသော မူလ တောင်သူများနှင့် လုပ်ပိုင်ခွင့် ရထားသူများအကြား မြေယာ အငြင်းပွားမှုများကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများဖြင့် ပြန်လည် စိစစ်ဖြေ ရှင်းပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း”အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက ထောက်ခံ ဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည် ရှင်းလင်းပြီးနောက် ဦးဝင်းမြင့်က အထက်အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြန်လည် စွန့်လွှတ်ရမယ့် မူဝါဒတွေ၊ စိစစ်ရမယ့်အချက်တွေကို ရှင်းရှင်းလင်းလင်း လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ချပြ ခဲ့ပါတယ်။ အဲတော့ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို ရှင်းရှင်းလင်းလင်း ပေးပို့ထားရဲ့သားနဲ့ မရှင်းမလင်း၊ မပြတ်သားအောင် ပုံပျက်ပန်းပျက် ပြန်လည်ပြီးတော့ ချမှတ်တာမျိုးတော့ ကျွန်တော်တို့ လက်မခံနိုင်ပါဘူး”ဟု ၎င်းကပြောသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေး ကော်မတီ အဆင့်ဆင့်သည် သိမ်းဆည်းမြေများ ပြန်လည် စွန့်လွှတ်ရန် အပ်နှံလာမှုအပေါ် မူလတောင်သူများ လက်ဝယ်သို့ ပြန်လည် ရောက်ရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က ဆိုသည်။

ပြန်လည် စွန့်လွှတ်အပ်နှံလာသည့် မြေယာများကိုမူ တောင်သူ ပြန်လည်ရရှိရေးကို စိစစ်ရေး ဗဟိုကော်မတီက ပေးအပ်ထားသည့်လုပ်ငန်း တာဝန်များ၊ တည်ဆဲ ဥပဒေများနှင့်အညီ  စီစစ်ဆောင်ရွက်ပေးထားပြီး သိမ်းဆည်းခြင်း ခံရမှုများ စိစစ်ခြင်း၊ ကွင်းဆင်း စစ်ဆေးခြင်းတို့တွင်လည်း လွှတ်တော်ကိုယ်စားလှယ်များကို အသိပေး ဆောင်ရွက်ရန် အကြောင်းကြားထားကြောင်း ၎င်းက ပြောသည်။

ဒုဝန်ကြီးအနေနှင့် သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအတွင်း လုပ်ကိုင်ခွင့် ချထားပေးခြင်းနှင့် ပတ်သက်၍ သစ်တောဥပဒေ၊ မြေလွတ်မြေရပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေတို့အရ လုပ်ဆောင်ချက်ကို ရှင်းလင်းပေးခဲ့သော်လည်း သိမ်းဆည်းမြေ ပြန်လည် စွန့်လွှတ်နိုင်ခဲ့သည့် အခြေအနေကို ထည့်သွင်း ဖြေကြားခဲ့ခြင်း မရှိသောကြောင့် လွှတ်တော်ဥက္ကဋ္ဌက သတိပေးခဲ့သည်။

“အောက်ခြေမှာ လယ်သမားတွေက အသိမ်းလည်း ခံရတယ်၊ တရားလည်း အစွဲခံရတယ်။ ထောင်လည်း အကျခံရတယ်။ ကိုယ်သာ အဲဒီနေရာမှာဆို ကိုယ် ဘယ်လိုခံစားမလဲ၊ ကိုယ်ဘယ်လိုနေမလဲဆိုတာ စဉ်းစားဖို့တော့ လိုပါတယ်”ဟု ၎င်းကဆိုသည်။

ယင်းအဆိုကို လွှတ်တော်တွင် မှတ်တမ်းအဖြစ်သာ ထားရှိရန် ဒုဝန်ကြီးက ပြောကြားခဲ့သော်လည်း အဆိုတင်သွင်း သူ၏သဘောဆန္ဒအရ လွှတ်တော်မှ မျက်ခြည်မပြတ် စောင့်ကြည့်မှတ်တမ်း တင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

S-01