News

POST TYPE

LATEST NEWS POST

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ပုပ်ရဟန်းမင်းကြီး တွေ့မည်
22-Nov-2017 tagged as ရန်ကုန်

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ကက်သလစ် ခရစ်ယာန် ဘာသာဝင်များ၏ ဦးဆောင်သူ ဗာတီကန်စီးတီးမှ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် (Pope Francis) ၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ဦးဆောင်ဆရာတော် ၁၇ ပါးနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများ အသင်းချုပ်မှ ဖာသာ ဦးစိုးနိုင်က ပြောကြားသည်။

“ချစ်ကြည်ရေး ခရီးစဉ်အနေနဲ့ သွားတာပါ။ ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာပါ”ဟု ၎င်းက ပြောကြားသည်။ 

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ပုပ်ရဟန်းမင်းကြီးသည် နိုဝင်ဘာလ ၂၉ ရက် ညနေ့ ၄ နာရီတွင် ကမ္ဘာအေးကုန်းမြေရှိ သာသနာ့ဗိမာန်တွင် တွေ့ဆုံမည် ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ပထမဆုံး ခရီးစဉ် တွင် နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံတကာ သံတမန် အကြီးအကဲများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့နောက် နိုဝင်ဘာလ ၂၉ ရက် တွင် ကျိုက္ကဆံကွင်းတွင် ဆုတောင်းပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး ဆုတောင်းပွဲသို့ ကချင်၊ ရှမ်းနှင့် ချင်းပြည်နယ်နှင့် ရန်ကုန်မြို့ပေါ်ရှိ ခရစ်ယာန်ဘာသာဝင်များ ၂ သိန်းနီးပါး တက်ရောက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။

အလားတူ နိုဝင်ဘာလ ၃၀ ရက်တွင်လည်း ရန်ကုန်မြို့တွင် အကြီးဆုံးဖြစ်သော် ခရစ်ယာန်ဘုရားကျောင်းဖြစ်သည့် စိန်မေရီ ဘုရားကျောင်းတွင် ဆုတောင်းပွဲ ပြုလုပ်သွားမည်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။     

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်၏ မြန်မာနိုင်ငံခရီးစဉ်သည်  နိုဝင်ဘာလ ၂၇ ရက်မှ ၃၀ အထိ ဖြစ်သည်။

J-18