News

POST TYPE

LATEST NEWS POST

လိပ်ကျွန်းအမှု နောက်ဆုံးအယူခံ နှစ်ကြိမ်မြောက် ရွှေ့ဆိုင်းခံရ
ရန်ကုန်၊ နိုဝင်ဘာ ၂၂

မြန်မာနိုင်ငံသားနှစ်ဦး၏ လိပ်ကျွန်းအမှု နောက်ဆုံး အယူခံ ဆုံးဖြတ်ချက်ချရန် နှစ်ကြိမ်မြောက် ရွှေ့ဆိုင်းခံလိုက်ရကြောင်း အဆိုပါအမှု၏ အထူးစုံစမ်း စစ်ဆေးရေး ကော်မတီဝင် အကြံပေးရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားသည်။

“ကျွန်တော်တို့ဘက်က စာမျက်နှာ ၃၁၉ မျက်နှာရှိတဲ့ အယူခံ လျှောက်လွှာကို တင်ခဲ့ပြီးပါပြီး၊ ဒီအပေါ် သူတို့ဘက် ၂၂ ရက် ၁၀ လပိုင်းမှာ သူတို့ဘက်က ခုခံချေပလွှာကို တင်ရမယ်။ မတင်နိုင်လို့ ဒီနေ့ကို ထပ်တောင်းခဲ့တယ်။ ခုလည်း မတင်နိုင်လို့ ထပ်တိုး တစ်လတောင်းတယ်”ဟု ၎င်းက ပြောကြားသည်။

ထိုင်းအစိုးရဘက်က ဗဟိုတရားရုံးအဆင့်သို့ ခုခံချေပလွှာကို တင်နိုင်ခြင်း မရှိဘဲ တစ်လ ထပ်တိုးတောင်းခဲ့ခြင်းကြောင့် အယူခံဆုံးဖြတ်ချက် မချနိုင်ခဲ့ကြောင်း ၎င်းကပြောကြားသည်။

လိပ်ကျွန်းလူသတ်မှုကို အောက်တိုဘာလ ၂၂ ရက်က ထိုင်းအစိုးရရှေ့နေများဘက်က ခုခံလျှောက်လဲချက်ကို မတင်နိုင်ခဲ့သောကြောင့် နိုဝင်ဘာလ ၂၂ ရက်ကို တစ်လထပ်မံ ရက်တိုး တောင်းခဲ့သော်လည်း ယနေ့တွင် ခုခံချေပလွှာ မတင်နိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဗြိတိန်နိုင်ငံသား အသက် ၂၃ နှစ်ရှိ အမျိုးသမီးနှင့် အသက် ၂၄ နှစ်ရှိ အမျိုးသားတို့ ထိုင်းနိုင်ငံကော့တောင်ကျွန်း (လိပ်ကျွန်း) တွင် အသတ်ခံရပြီးနောက် အောက်တိုဘာလ ၂ ရက်တွင် မြန်မာလုပ်သား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခဲ့ကာ အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးမှု၊ လူသတ်မှု စသည့် အမှုများ ထပ်မံဖြည့်စွက်၍ တရားစွဲဆိုခဲ့သည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် ၎င်းတို့နှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခဲ့ပြီး အယူခံ အဆင့်ဆင့် တက်ခဲ့ရာ ယခု ဗဟိုတရားရုံး အဆင့်သည် နောက်ဆုံးအဆင့်ဖြစ်သည်။

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ တရားရုံး အဆင့်ဆင့်၌ အမှုရင်ဆိုင်ခဲ့ရာတွင် အမှုရုံးချိန်း ၅၆ ခါရှိခဲ့ပြီး ယခုအယူခံလျှောက်လဲချက် တင်သည့်အဆင့်မှာ နောက်ဆုံးအဆင့် ဖြစ်ကြောင်း ဦးမျိုးသန့်၏ အဆိုအရ သိရသည်။

မြန်မာရွှေ့ပြောင်းလုပ်သား ထောင်ချီ အလုပ် လုပ်ကိုင်လျက်ရှိသော အဆိုပါကျွန်းတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလလယ်က လူသတ်မှု ဖြစ်ပွားခဲ့ပြီး ယင်းလအတွင်းမှာပင် မြန်မာလူငယ်နှစ်ဦးဖြစ်သော ဝင်းနှင့်ဇော်ကို လူသတ်မှုဖြင့် ဖမ်းဆီး တရားစွဲခဲ့ရာ သုံးနှစ်တာကာလသို့ပင် ရောက်ရှိခဲ့ပြီဖြစ်သည်။                                                    

J-18