News

POST TYPE

LATEST NEWS POST

ရန်ကုန်ဆေးရုံကြီးအနီး သွေးမှောင်ခိုရောင်းချသူ အမျိုးသား နှစ်ဦးကို ပထမဆုံး ဖမ်းဆီးမိ
22-Nov-2017 tagged as ရန်ကုန်

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ရန်ကုန်ဆေးရုံကြီးအနီး တရားမဝင် သွေးမှောင်ခို ရောင်းဝယ်နေသည့်အဖွဲ့မှ မသင်္ကာဖွယ် အမျိုးသားနှစ်ဦးကို နိုဝင်ဘာလ ၂၀ ရက်က ပထမဆုံး ဖမ်းဆီး ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ဩဂုတ်လမှစ၍ တိုင်းအစိုးရ၏ စီစဉ်မှုဖြင့် သွေးမှောင်ခို ရောင်းချနိုင်ခြေရှိသည့် အစိုးရပိုင် ဆေးရုံ ၁၀ ရုံကို ပုံမှန် စောင့်ကြည့်ရေးအဖွဲ့နှင့် ရွေ့လျားစောင့်ကြည့်ရေးအဖွဲ့များဖြင့် စောင့်ကြည့်စစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသားနှစ်ဦးကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်ဆေးရုံကြီးနားမှာ မယောင်မလည်နဲ့ လှုပ်ရှားနေတာ။ တစ်ပတ် တိတိ စောင့်ကြည့်ခဲ့တယ်။ သေချာသလောက် ရှိမှ ဖမ်းလိုက်တာ။ လှုပ်ရှားမှုကတော့ ပရဟိတအသွင်ယူပြီး လုပ်နေကြတာ။လောလောဆယ် အသေးစိတ် စစ်နေ တယ်}} ဟု တိုင်းအစိုးရအဖွဲ့အကြီးတန်း တာဝန်ရှိသူက ဆိုသည်။

လက်ရှိ သွေးမှောင်ခိုရောင်းချမှုဖြစ် စဉ်မှ ဖမ်းဆီးရမိသော အမျိုးသားနှစ်ဦးကို ပြည်သူ့ကျန်းမာရေး ဥပဒေဆိုင်ရာ ပုဒ်မ ၂၇၁ “ကူးစက်တတ်သော ရောဂါကာကွယ်ရေး နည်းဥပဒေဖီဆန်ခြင်း”ဖြင့် အရေးယူရန် စီစဉ်လျက်ရှိပြီး ဥပဒေပြစ်ဒဏ်အရ ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ ချမှတ်နိုင်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ သိရသည်။

သွေးရောင်းချနေသောအဖွဲ့သည် ရန်ကုန်မြို့ရှိ ထင်ရှားသော ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ စံပြဆေးရုံကြီး အပါအဝင် နာမည်ကြီး ပုဂ္ဂလိကဆေးရုံ သုံးခုခန့်တွင် အသင့်စောင့်ဆိုင်းနေတတ်ပြီး သွေးလိုအပ်သော လူနာရှင်၏ အခြေအနေကို ကြည့်ရှု၍ သွေးဝယ်ယူရန် စည်းရုံးသိမ်းသွင်းကြောင်း၊ ၎င်းတို့ထံမှ အရေးပေါ် ဝယ်ယူလိုလျှင် သွေးအမျိုးအစားအလိုက် တစ်သိန်းမှ တစ်သိန်းခွဲကြား ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ဝယ်ယူခဲ့ဖူးသူ အချို့က ပြောကြားထားသည်။

“မှောင်ခိုဈေးကွက် လုံးဝပျက်သုဉ်းအောင် ဖော်ထုတ်မယ်။ တိုင်းအစိုးရအဖွဲ့က ဆေးရုံတွေအလိုက် အသင့်စောင့် ကြည့်ပေးမယ့်အဖွဲ့တွေနဲ့ ဝိုင်းဝန်းဆောင်ရွက်လို့ ပထမဆုံး ဖော်ထုတ်နိုင်ခဲ့တာပါ။ ဒီအတိုင်း ပုံမှန်လုပ်ရင်တော့ ဒီလိုအဖွဲ့တွေ အလိုလို နောက်ဆုတ်သွားမယ်”ဟု အမျိုးသားသွေးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ဆိုသည်။

သွေးမှောင်ဈေးကွက်တွင် သွေးအမျိုးအစားအလိုက် ရှားပါးသော AB သွေးမှာ ကျပ်တစ်သိန်းခွဲ ဈေးပေါက်လျက်ရှိပြီး အိုသွေး၊ ဘီသွေးနှင့် အေသွေးများကို ကျပ်တစ်သိန်းနှုန်းခန့်ဖြင့် တရားမဝင် ရောင်းချနေကြောင်း၊ မှောင်ခိုရောင်းချသောအဖွဲ့များသည် ဆေးရုံများနှင့် အဝင် အထွက်ရှိပြီး ပရဟိတအသင်းအဖွဲ့သဏ္ဍာန်ယူ၍ ၎င်းတို့ ရောင်းချမည့် သွေးများကို တိုက်ရိုက်မရောင်းဘဲ တစ်ဆင့်ခံဖြင့် သွေးပုလင်းကို အပေးအယူ ပြုလုပ်ကြောင်း သွေးဝယ်ခဲ့ဖူးသူ အမျိုးသားတစ်ဦးက ပြောကြားထားသည်။

“ရောင်းကုန်မဟုတ်တဲ့ ခန္ဓာကိုယ်ထဲက သွေးကိုတောင် အမြတ် ထုတ်ချင်နေကြတယ်။ တင်းတင်းကြပ်ကြပ် ဖော်ထုတ် အရေးယူပေးဖို့ ရေရှည်ဆောင်ရွက်သင့်တယ်”ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက သုံးသပ်သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် အစိုးရပိုင် ဆေးရုံကြီးအနေဖြင့် လူနာများအတွက် လိုအပ်သော သွေးအမျိုးအစားများကို အချိန်ပြည့် ဆက်သွယ် တောင်းခံနိုင်ရန် ရန်ကုန်နှင့် မန္တလေးမြို့တွင် အမျိုးသား သွေးဌာနနှင့် သွေးလှူဘဏ်များ တည်ထောင်ခွင့်ပြုထားသည်။

ရန်ကုန် အမျိုးသား သွေးဌာနသည် ခုတင်နှစ်ထောင်ဆံ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီး ဆေးရုံကြီး၊ အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး၊ ခုတင် ၅၀ဝ ဆံ့ အထူးကုဆေးရုံကြီး အပါအဝင် ဆေးရုံကြီး ၁၁ ခုသို့ လစဉ် သွေးယူနစ်ပေါင်း ၈၀ဝ၀ ကျော် စုဆောင်းဖြန့်ဖြူးပေးလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။ 

J-17