News

POST TYPE

LATEST NEWS POST

ရန်ကုန်စည်ပင်ပြင်ပ မြို့နယ် ၁၁ ခု လာမည့်နှစ်တွင် လျှပ်စစ်မီးရမည်
21-Nov-2017 tagged as

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ပြင်ပမြို့နယ် ၁၁ ခုရှိ ကျေးရွာများ လာမည့်နှစ်ဝက်အတွင်း လျှပ်စစ်မီး ရရှိရန် ထရန်စဖော်မာများ တပ်ဆင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ ကျေးရွာများတွင် လျှပ်စစ်မီးရရှိရန် ထရန်စဖော်မာ အလုံး ၄၀ တပ်ဆင်ရန် စီစဉ်နေကြောင်း အစိုးရအဖွဲ့ထံမှ ဆက်လက်သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ပြင်ပရှိ မြို့နယ် ၁၁ မြို့နယ်မှာ  ထန်းတပင်၊ မှော်ဘီ၊ တိုက်ကြီး၊ ကော့မှူး၊  သန်လျင်၊ ကျောက်တန်း၊ ကွမ်းခြံကုန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ လှည်းကူးတို့ဖြစ်ပြီး လာမည့်နှစ်ဝက်တွင် လျှပ်စစ်မီး ပေးဝေနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

“လာမယ့်နှစ်ဝက်မှာ စီမံကိန်းပြီး ဖို့ မျှော်လင့်ထားတယ်။ ထရန်စဖော်မှာ အလုံးလေးဆယ်ကို မြို့နယ် ၁၁ ခုမှာ ညီညီမျှမျှနဲ့ လျှပ်စစ်မီးရရှိအောင် မနေ့က လျှပ်စစ်ဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ မီးမရသေးတဲ့ ကျေးရွာတွေကို ဦးစားပေး ဆောင်ရွက်ဖို့ စီစဉ်ထားတယ်”ဟု သုံးခွမြို့နယ် မဲဆန္ဒနယ်အမှတ်-၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ဆိုသည်။

စည်ပင်နယ်နိမိတ်ပြင်ပ ၁၁မြို့နယ် (ကိုကိုးကျွန်းမပါ)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးတို့ နိုဝင်ဘာလ ၂၀ ရက်က တွေ့ဆုံခဲ့ပြီး လျှပ်စစ်မီး ရရှိစေရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ကျေးရွာများတွင် လျှပ်စစ်မီး ရရှိစေရန် ၂၀ဝ ကေဗီအေ ထရန်စဖော်မာ အလုံး လေးဆယ်နှင့် ၁၁ ကေဗီဓာတ်အားလိုင်း မိုင်လေးဆယ်ကျော်ကို ဓာတ်အားလိုင်း တိုးချဲ့ရန် ရန်ပုံငွေကျပ် ၂ ဒသမ ၅ ဘီလီယံကို အသုံးပြုမည်ဖြစ်ကြောင်း ဦးနေဝင်းထံမှ သိရသည်။ 

“YESC အနေနဲ့က ဓာတ်အားလိုင်း တိုးချဲ့တပ်ဆင်မှုတွေကို လျှပ်စစ်မီး ရရှိရေးကိစ္စတွေမှာ တိုင်းအစိုးရအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ပေးရမှာပါ”ဟု ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စည်ပင်နယ်နိမိတ်ပြင်ပရှိ လွှတ်တော်ကိုယ်စာလှယ်များအနေနှင့် မိမိဒေသရှိ လျှပ်စစ်မီး မရရှိသေးသော ကျေးရွာများသို့ ဦးစားပေး ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုစီမံချက်သည် တစ်နိုင်ငံလုံးအနှံ့ လျှပ်စစ်ဓာတ်အားဖြန့်ဝေရေး စီမံကိန်း (NEP)ဖြင့် ဆောင်ရွက် ခြင်းဖြစ်ကြောင်း ဦးနေဝင်းထံမှသိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တစ်နိုင်ငံလုံးအနှံ့ လျှပ်စစ်ဓာတ်အားဖြန့်ဝေရေး စီမံကိန်း (NEP) အတွက် ထရန်စဖော်မာ ၅၄၀ဝ ခန့် တပ်ဆင်မည်ဖြစ်ပြီး လာမည့်နှစ်ကုန်တွင် အိမ်ထောင်စုပေါင်း သုံးသိန်းကျော်ကို ထပ်မံ တိုးပေးမည်ဖြစ်ကြောင်း၊ ယခင်ရရှိထားသော ဒေသများတွင် လျှပ်စစ်မီး ပိုမိုဖြန့်ပေးရန် စီစဉ်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဓာတ်အားဖြန့်ဖြူးရေးဌာနထံမှ သိရ သည်။

J-14

  • TAGS